Thursday, February 12, 2009

နှုတ်ဆက်ခြင်း

ငါ့ကိုပြောကြ
နှုတ်ဆက်ခြင်းဆိုတာ ဘာလဲ။

အပြီးအပိုင်
ဒါမှမဟုတ် ခဏတဖြုတ်
အဲဒီဝေးကွာမှုမျိုးကို
နှုတ်ဆက်စကားနဲ့ ချည်ပစ်လိုက်လို့ရမလား။

သွားပါစေကွယ်
လွှင့်မပစ်ရက်ခဲ့သူအဖို့တော့
နှုတ်ဆက်ခြင်းဆိုတာ အကျယ်ချုပ်တစ်မျိုးပါပဲ။

ငါတို့ ကြိမ်ဖန်များစွာ နှုတ်ဆက်ခဲ့ကြဖူး
ကြိမ်ဖန်များစွာ နှုတ်ဆက်ခံခဲ့ကြဖူး
ရူးမှန်းမသိ ရူးနေကြတာ။

တစ်ခါတလေ နှုတ်ဆက်ခြင်းဟာ
ကိုယ့်အရှုံး ကိုယ်ပြန်ကြည့်နေရသလို။
ချစ်ဦးသူလေးကိုလည်း ဒီနည်းနဲ့ရှုံးခဲ့
သူငယ်ချင်းအချို့ကိုလည်း ဒီနည်းနဲ့ရှုံးခဲ့
ဘယ်လို ကမ္ဘာသုံးယဉ်ကျေးမှုမျိုးပါလိမ့်။

ကဲ.. ငါ့ကိုပြောကြ
အခန့်မသင့်ရင်အသက်ပါသေနိုင်တဲ့
အဲဒီအမူအယာက ဘာလဲဆိုတာ။

 

သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment