Friday, February 06, 2009

အချစ်အကြောင်း အဆိုအမိန့်များနဲ့ ကျွန်တော် သယ်ဆောင်မိတဲ့ စိတ်ကူးတွေ - ၂


To love is to weave cloth with thread drawn from your heart, even as if you’re beloved were to wear that cloth.

ကိုယ့်ချစ်သူ အပေါ်မှာ ကျွန်တော်တို့ ဘယ်လောက် အထိများ လေးနက်ရူးသွပ် ခဲ့ကြဖူး ပါသလဲ။ တချို့က မိုက်ကန်း စူးရှစွာ၊ တချို့က မြော်မြင် အေးမြစွာ။ ဘာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့ ဘောင်ထဲ ကနေပဲ ဖြစ်ပါလိမ့်မယ်။ ကြိုမသိ နိုင်သေးတဲ့ ကံကြမ္မာတွေ ဖယ်ထား၊ နောင် ဖြစ်လာမယ့် အကျိုးအကြောင်းတွေ ခဏမေ့ထား၊ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ဟာ ကိုယ့်ချစ်မြတ် သူလေး ဝတ်ဆင်ဖို့ အထည်ကို ကိုယ့်နှလုံးသားက ထွက်ကျလာတဲ့ ချည်မျှင် ပိုးစတွေနဲ့ အမွန်မြတ်ဆုံး ယက်ဖောက် နေခဲ့ကြ သူတွေပဲ ဖြစ်ပါတယ်။

 

Never to be forgotten was the wonder of our love, the complete abandonment.

အရင် အချိန်တွေတုန်း ကတော့ ပြီးပြည့်စုံခဲ့ ကြဖူးပါရဲ့။ အိပ်မက်ထဲ၊ စိတ်ကူးထဲ မှာလည်း သူ့မျက်နှာလေး အပြည့်။ မျှော်လင့်ခြင်း တွေဟာလည်း ကောင်းကင် မျက်နှာပြင်လို အဆုံးမရှိ ကျယ်ပြန့် ကျယ်ပြော။ အခုတော့ အရာရာ မှောင်အတိကျ သွားခဲ့ပါပြီ။ ကြေပျက် သွားတဲ့ ချစ်ခြင်း တရားတွေ၊ စွန့်လွှတ် ဆုံးရှုံးမှုတွေ အားလုံးဟာ ဘာမှကို မကျန်အောင် အကြွင်းမဲ့ နေခဲ့။ အဲဒီ အံ့ဩစရာ ကောင်းတဲ့ အတိတ်ကို အရိပ်ကို ဘယ်လို စိမ်းကားမှု မျိုးနဲ့ ကိုယ်မေ့ပစ်ရ ပါ့မလဲကွယ်။

 

Love is a freedom song, it is the blossoming of your desires, if is a depth calling into a night.

အချစ်ဟာ တွယ်တာ နှောင်ဖွဲ့မှု ကင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်နေ ခဲ့ပါတယ်။ ပုံသေကားချပ် သံစဉ်မရှိ၊ နှောင်တည်း ကျပ်တင်းတဲ့ စာသားတွေမရှိ၊ ဒါပေမဲ့ ဘယ်သူ့အတွက် ပဲဖြစ်ဖြစ် ပြည့်စုံ လုံလောက်တဲ့ သာယာ နာပျော်ဖွယ် အခင်းအကျင်း တစ်ခု ဖြစ်နေခဲ့ရဲ့။ ဒါဟာ သူ့ရဲ့ လိုအင်ဆန္ဒ တွေက မွေးဖွားလာတဲ့ အရာတစ်ခုလည်း ဖြစ်နေခဲ့တယ်။ ဟိုး.. ကောင်းကင် ဗိမာန် ဆီသို့ကောင်းကင်တော် မုခ်ဦးဆီသို့အဲဒီလို နက်ရှိုင်း ညှို့ငင်သော တေးသံနဲ့ ကိုယ်တို့ကို ချော့မြူ ခေါ်ယူ နေခဲ့ပါတယ်။

 

Most people have a great capacity for love than they ever put to use.

ပြောခဲ့ဖူးတဲ့ အတိုင်းပါပဲ။ အချစ်ဟာ အံ့ချီးစရာ ကောင်းတဲ့ ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင် ထားလေ့ ရှိပါတယ်။ ဒီထက်ပို အံ့ဩဖို့ ကောင်းတာက အဲဒီ ဂုဏ်ဒြပ်ဟာ အချစ်ကို လက်ခံမွေးမြူ ထားတဲ့ သူတွေဆီ ကိုပါ ပျံ့ဝင်စိမ့်စီး နေခဲ့တာပါပဲ။ စိတ်ချင်း ဆက်သွယ်မှုတွေ ဖြစ်ခဲ့ဖူးကြ ပါလိမ့်မယ်။ လူတိုင်းမှာ ကျွန်တော်တို့ တတ်စွမ်း နိုင်တာ ထက်ပိုတဲ့ ကြီးကျယ် မြင့်မြတ်သော အချစ်ရဲ့ တန်ခိုးတော်တွေ ရှိနေတတ် ကြပါတယ်။

 

သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment