Friday, February 06, 2009

ညီမလေးထားခိုင်းတဲ့ ဆံပင်တွေမရှည်ခင်


ညနဲ့တူတဲ့ မနက်မျိုးပေါ့
ညီမလေးရဲ့စာကို ပြဿဒါးနေ့မှာရတယ်။
ကိုယ်မဖတ်ချင်ယောင်ဆောင်ပြီး
မငိုချင်ယောင်ဆောင်လိုက်တယ်။

မေ့တတ်လိုက်တာ ညီမလေးရာ
စစ်တုရင်ထိုးဖို့ချိန်းထားသေးတယ်လေ
Scrabble ကစားဖို့ပြောထားသေးတယ်လေ
ကိုယ့်ကိုယ်ကို လက်ဆောင်ပန်းခြင်းအဖြစ်
ညီမလေးမွေးနေ့မှာ ပို့ပေးမယ်လို့ပြောထားသေးတယ်လေ။

ဝမ်းနည်းတယ် စိတ်တိုတယ်
ဟင်းလင်းပြင်ကြီးထဲ ရောက်နေတယ်
အတိတ်နဲ့ ညသန်းခေါင်တွေဟာ
အတူတူပဲ၊ သိပ်မှောင်တာပဲလို့တွေးမိတယ်
ညီမလေးကိုမုန်းတယ်လို့
ဖုန်းနံပါတ်တွေကိုမနှိပ်ဘဲ အကြိမ်ကြိမ်ပြောတယ်
မလှုပ်မယှက်ထိုင်ရင်း ညီမလေးဆီပြေးသွားလိုက်တယ်
စောက်ရေးမပါဘူး ညီမလေးရာ။

အချစ်ဟာ
အခုညီမလေးရဲ့ဆံပင်တွေလို
တိုပြီးပါးသွားတော့မှာပဲ
ကိုယ့်ကို
ညီမလေးထားခိုင်းတဲ့ဆံပင်တွေ ရှည်မလာခင်။

 

သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment