ဘယ်လို အတိတ်ကံကြောင့်မှန်းတော့မသိ
မိစ္ဆာခေါင်းလောင်းသံတွေနဲ့လည်း
“ငြိ” ခဲ့ဖူးပြီ။
ပျက်စီးကျိုးအို မနက်ဖြန်များ
ဖြူလျော်နွမ်းဖတ် ပွင့်ချပ်အသေများ
မြင်မြင်ကရာ မှိုင်းမဲနီညို
အဲဒီလို ကိုယ့်အပေါ်ကိုမှ ပစ်ပေါက်ကျဲချ
ရှားခဲမီးစတွေလည်း ရခဲ့ဖူးပြီ။
ဘယ်နှကြိမ်လောက်များ
ရှင်လျက်နဲ့ သေချင်ကြပါသလဲ
ဝင်သက်တွေကို ပြင်းပြင်းရှရှ
မျှော်လင့်ခြင်းတံခါးဝကနေ ရှူသွင်းပါ။
ကိုယ့်ကိုယ်ကိုသာ
သူ့ထက်သူလူစွမ်းကောင်းလို သဘောထား
ဒီလောက်နဲ့တင်
မင်းစိုးခမ်းနား ကော်ဇောနီများလို
ကိုယ့်အိပ်မက်ကိုယ်
ခပ်ရဲရဲ ဖြန့်ခင်းထားလို့ ရနိုင်ပေရဲ့။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:
Post a Comment