Monday, February 23, 2009

ဆိုးလ်ဘဝ ဆိုးလ်အလှ နွံနစ်ရတော့မယ်



 

 

 

 

 

 

 

 

 

 

 

 

 

 

 


စိတ်ရောဂါ အထူးကု ဆရာဝန်ဆီကို စုဘူးထဲက နာမည်ကျော် ဆိုးလ်ကေလာကြီး ရောက်ချ လာတယ်။ မျက်နှာကလည်း မှုန်ကုပ်ကုပ်နဲ့။ တစ်စုံတရာကို တော်တော်လေး အလိုမကျ ဖြစ်နေတဲ့ ပုံစံမျိုး။ သူ့အလှည့် မရောက်သေးခင် အပြင်မှာ ထိုင်စောင့် နေတော့လည်း ဖင်ဂနာမငြိမ်ဘူး။ လည်ပင်း တကြွကြွ၊ သက်ပြင်း တချချ။ သူ့အလှည့် ရောက်လို့ ဆရာဝန်ဆီ ဝင်သွားတော့လည်း ဆရာဝန်ကို အားကိုးတကြီး ကြည့်နေလိုက်တာများ ဆရာဝန်က ယောက်ျားအချင်းချင်း ကြာပစ်တယ် ထင်ပြီး ကြောက်လန့် နေရတဲ့အထိ။ ဆရာဝန်က ဆိုးလ်ကေလာကြီးကို မေးတယ်။

 “ကျွန်တော် ဘာကူညီပေးရမလဲ ခင်ဗျာ”
        “ဒီလိုပါ ဆရာ.. ကျွန်တော် အခု တော်တော်လေးကို ဒုက္ခရောက် နေပါတယ် ဆရာ၊ ကျွန်တော့်ကို ကူညီပါဦး”
            “ဟုတ်ကဲ့.. ဘာဖြစ်သလဲ ပြောပါ၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပါ့မယ်”

        “ကျွန်တော် ဖြစ်နေတဲ့ကိစ္စက ဆန်းတော့ ဆန်းတယ် ခင်ဗျ.. အဲဒါ စိတ်ပိုင်းဆိုင်ရာနဲ့များ ပတ်သက် နေမလားလို့ ဆရာ့ဆီ ရောက်လာတာပါ”
            “ဟုတ်ကဲ့.. ပြောပါဦး”

            “ကျွန်တော့် မိန်းမလေ.. အခု တတိယအကြိမ်မြောက် ကိုယ်ဝန်ရှိနေပါတယ် ဆရာ..”
            ဆရာဝန်လည်း နည်းနည်းတော့ ကြောင်သွားတယ်။

“ဟင်.. ကျွန်တော်က စိတ်ရောဂါ ကုတာနော်.. အိုဂျီ မဟုတ်ဘူး..”
            ဆိုးလ်ကေလာကြီး ရှက်ရယ် ရယ်လိုက်တယ်။ ပြီးတော့ ပြုံးဖြဲဖြဲနဲ့ ဆက်ပြောတယ်။

“ဟုတ်.. သိပါတယ် ဆရာ၊ ကျွန်တော် ဆက်ပြောပြပါ့မယ်”
            “အင်း.. ပြောပါဦး”
        “ကျွန်တော့်မိန်းမ ပထမဆုံး ကိုယ်ဝန် ရှိတုန်းက သူ ရိုမီယိုနဲ့ ဂျူးလိယက် ဖတ်တယ်၊ အဲ.. ကလေး မွေးလာတော့ အမွှာလေး မွေးတယ်၊ ဒုတိယ ကိုယ်ဝန်ရှိတော့ နောက်တစ်အုပ် ထပ်ဖတ်တယ်၊ ဗင်းနစ်မြို့မှ သူရဲကောင်း သုံးဖော်တဲ့၊ ကလေး မွေးတော့ သုံးမွှာပူး ဖြစ်သွားတယ်၊ အဟင့်.. ခု ကျွန်တော် ဒုက္ခ ရောက်တော့မယ် ဆရာ၊ တတိယ ကိုယ်ဝန်နဲ့ သူစာအုပ် ဖတ်နေပြန်ပြီ”

            ဆရာဝန်ကြီး အရမ်း စိတ်ဝင်စားသွားတယ်။ သိချင်ဇောနဲ့ အမြန်မေးလိုက်တယ်။

“ဟုတ်လား.. အခု ဘာစာအုပ်များ ဖတ်နေပြန်ပြီလဲ”
           “အဟင့်.. အခုလေ.. သူ.. သူ အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ် ဖတ်နေတယ် ဆရာ”
        ဆရာဝန်က ဘယ်လို ဖြေရှင်းပေးမလဲတော့ မသိဘူး။ ကျွန်တော်ကတော့ ဆိုးလ်ကေလာကြီး အစား ရင်တွေမောနေတယ်။

မှတ်ချက် - ဆရာ မောင်ကောင်းထိုက် (နှီးပဒေါ) ၏ ဘာသာပြန် ဟာသတစ်ပုဒ်ကို မှီငြမ်းဆန်းသစ် ရေးသားပါသည်။

 

သူရဿဝါ
၂၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment