Sunday, February 22, 2009

ကျွန်တော်၏ ဖားပြုတ်မလေးအကြောင်း


ကျွန်တော့်တွင် “အလွန်” ဟူသော ကြိယာ ဝိသေသန ကိုပင် သုံးစွဲရ လောက်အောင် ချစ်သည့် မိန်းမပျိုလေး တစ်ဦး ရှိပါသည်။ သူမ၏ အမည်မှာ ဝတ္ထုစာအုပ် အချို့တွင် ပါဝင်လေ့ ရှိသော ဇာတ်လိုက် မင်းသမီး များ၏ အမည်များ ကဲ့သို့ ခေါ်ရ မခက်ပါ။ သူမ၏ အမည်သည် အလွန် ရိုးရာဆန်ပြီး ကျွန်တော့် အဖို့ မြတ်နိုးစရာ ကောင်းလှပါသည်။ ထို့ကြောင့်ပင် သူမ ကိုယ်တိုင် ပြီးလျှင် သူမ၏ အမည်ကို ကျွန်တော် အချစ်ဆုံး ဖြစ်ပါသည်။ သူမ၏ အမည်အား အိုင်ယာလန်ထီ ပေါက်ထားသူ တစ်ယောက်၏ ဟန်ပန်မျိုး နှင့်မခြား ကြွားချင်လှ သော်လည်း ကျွန်တော့် လောက်တော့ သူမ၏ အမည်အပေါ် သင်တို့ စိတ်မလှုပ်ရှား နိုင်သဖြင့် မလိုအပ် ဟူသည့် စာရင်းထဲ ထည့်ထား လိုက်ပါသည်။ သို့သော် သူမအကြောင်း ကိုတော့ မပြောရ မနေနိုင် သဖြင့် ဆက်ပြော ချင်ပါသည်။

သင်တို့ မှတ်မိအောင် ကျွန်တော် နောက်တစ်ခေါက် ထပ်ပြော ချင်ပါသည်။ သူမသည် ကျွန်တော် အလွန် ချစ်ရသော မိန်းမပျိုလေး တစ်ဦး ဖြစ်ပါသည်။ ထိုစာကြောင်းကို တစ်နေ့လျှင် အခါ သုံးဆယ်ခန့် ကျွန်တော် ရွတ်ဆိုလေ့ ရှိပါသည်။ ကျွန်တော်သာ ကျောက်ခေတ် လူသား တစ်ဦး ဖြစ်ခဲ့သော် သူမသည် ကျွန်တော် ပထမဆုံး မက်ခွင့် ရခဲ့သော ကမ္ဘာဦး အိပ်မက်ကလေး ဖြစ်ပါ လိမ့်မည်။ စိတ်ကူးယဉ် ဆန်သည်ဟု သင်တို့ ဝေဖန်ချင် လောက်သည့် စကား တစ်ခွန်း ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်နှင့် ကျွန်တော်၏ မိန်းမပျို လေးသည် ဘုရားသခင် ဖန်ဆင်းသော အာဒံနှင့် ဧဝ ဖြစ်ကောင်း ဖြစ်ခဲ့ ပါလိမ့်မည်။ ဤစကားကို မည်သူ ငြင်းဝံ့ ပါသနည်း။ သို့သော် ခြွင်းချက် တစ်ခုတော့ ရှိပါသည်။

ရုပ်ခန္တာ အရ ကျွန်တော်က အာဒံ ဖြစ်ပြီး သူမက ဧဝ ဖြစ်ချင် ဖြစ်ခဲ့မည် မှန်သော်လည်း ကဗျာစိတ်ဖြင့် တင်စားလျှင်တော့ သူမသည် အာဒံဖြစ်၍ ကျွန်တော်က ဧဝ ဖြစ်ပါသည်ဟု အတိသယ ဝုတ္တိ အလင်္ကာမြောက် ကျွန်တော် ပြောဆိုပါမည်။ အဘယ်ကြောင့် ဆိုသော် အာဒံ(သူမ) ၏ နံရိုးကို ထုတ်ပြီး ဖန်ဆင်း၍သာ ဧဝ (ကျွန်တော်) ဖြစ်ပေါ် လာရခြင်း ဖြစ်ပါသည်။ သိပ်ပြီး နားမရှင်းပါ ဟူသော မိတ်ဆွေများ သဘော ပေါက်အောင် ထိုစကားကို ရှင်းပြ လိုပါသည်။ လက်မခံ လျှင်တောင် မကန့်ကွက် လောက်ဟု ကျွန်တော် ထင်ပါသည်။ သူမ၏ ချစ်ခြင်းကြောင့် ကျွန်တော် ပေါက်ဖွားလာ ရခြင်းသာ ဖြစ်သည်ဟု နုနုရွရွလေး တင်စားတာ ဖြစ်ပါသည်။

သင်တို့ အံ့ဩသွား လောက်သော ရဲရဲတောက် စကားတစ်ခွန်း ကျွန်တော် ထပ်ပြောပြ ပါဦးမည်။ ပန်းပွင့်လေး ပမာ လှသော၊ ကြာဖူးလေး ပမာ နူးညံ့သော၊ နတ်သမီးလေး တစ်ပါးပမာ ရှင်းသန့် ပျိုမြစ်သော၊ အစရှိသဖြင့် ဥပမာမြောက် တင်စားမှု မျိုးနှင့် သင်တို့၏ ချစ်သူကို သင်တို့ တင်စား မြှောက်ပင့် ကြဖူးလိမ့် မည်ဟု ကျွန်တော် ထင်ပါသည်။ ဤမျှ ရိုးအီ ဟောင်းဆွေး နေသော တင်စားမှု မျိုးဖြင့် ကျွန်တော့် မိန်းမပျိုလေးအား အဟောင်းတံဆိပ် ကပ်မပေး လိုပါ။ သူမသည် ဖားပြုတ်လေး တစ်ကောင်နှင့် တူသည်ဟု သူမကို ကျွန်တော် အမြဲတမ်း ပြောဆိုလေ့ ရှိကြောင်း သိရသော အခါ သင်တို့ အံ့ဩကြ လိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော် သူမသည် ပြေပြစ် လှပသော ဖားပြုတ်မ ချောချောလေး တစ်ကောင်မှန်း သင်တို့ သိရသော အခါတွင် ကျွန်တော့်ကို သင်တို့ မနာလို ဖြစ်ကြမည်မှာ ကျိန်းသေ လှပါသည်။

ကျွန်တော်နှင့် သူမသည် အမြဲတမ်းလိုလို တစ်ဦးကို တစ်ဦးသာ ကြည့်နေမိ ကြသောကြောင့် ကျွန်တော်တို့ နှစ်ယောက် အကြားတွင် ခပ်တည်တည် ဝင်ထိုင် နေသော “အချစ်” ဆိုသည့် အရာကို ခပ်စောစော မမြင်မိ ခဲ့ကြပါ။ ကျွန်တော်တို့ နှစ်ဦး စလုံးမှာ အပြစ် ရှိကြောင်း ဝန်ခံပါသည်။ ကံကောင်းသော အချက် တစ်ချက်မှာမူ “သူ့ကို မမြင်ရ ကောင်းလား” ဟူ၍ အချစ်က ကျွန်တော်တို့ နှစ်ဦးကို စိတ်ဆိုး မာန်ဆိုးဖြင့် ပစ်မထား ခဲ့ခြင်း ဖြစ်ပါသည်။ သင်တို့ နားရှုပ် သွားပါက ကျွန်တော် ခပ်ရိုးရိုးပင် ပြောဆိုပါမည်။ သူမနှင့် ကျွန်တော် ကံကောင်း ထောက်မစွာ ချစ်သူများ ဖြစ်ခဲ့ကြ ပါသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ယခုလောက် ဆိုလျှင် သူမ အကြောင်း ပြောလွန်းသဖြင့် သင်တို့ နားငြီး နေလောက်ပြီ ဖြစ်သော်လည်း ကျွန်တော် ကတော့ အားမရသေး သဖြင့် ဆက်ပြော ပါဦးမည်။ ဆက်၍ မဖတ်ချင် တော့သူများ ရပ်ပစ်လိုက် နိုင်ပြီ ဖြစ်ပြီး ဆက်၍ နားထောင် ပေးသူ များကို တချိန်ချိန်တွင် ကံစမ်းမဲ ဖောက်ပေးရန် ကျွန်တော် စဉ်းစား ထားပါသည်။

သူမသည် အလွန် ပါးရည် နပ်ရည် ရှိသော ဖားပြုတ်မလေး တစ်ကောင်လည်း ဖြစ်ပါသည်။ လေးနက် တည်ကြည်သော ကိစ္စရပ် များကို ကျွန်တော် ပြောပြသော အခါတွင် တကယ့် လူကြီး လူကောင်း မလေး တစ်ယောက်လို နားထောင် ပေးတတ်ပြီး ကျွန်တော် ပေါက်ကရ လေးဆယ် စနောက်သော အခါတွင်လည်း ကျွန်တော်နှင့် တန်းတူ ပြန်လည် ရွှတ်နောက်နောက် လုပ်တတ်ခြင်း ဖြစ်ပါသည်။ သူမက ကျွန်တော့်ကို ဆရာ လုပ်လျှင် ကျွန်တော် နားထောင်မှ သဘောကျပြီး ကျွန်တော်က သူမကို ဆရာ ပြန်လုပ်သော အခါတွင်မူ ဂျစ်တစ်တစ်ဖြင့် ပြန်လည် နောက်ပြောင် ပစ်ရခြင်းကို သဘောကျ တတ်သော အမြင် ကပ်စရာ ဖားပြုတ်မလေး တစ်ကောင်လည်း ဖြစ်နေ ပါသေးသည်။ ကျွန်တော်၏ ကိုယ်ပိုင် အမြင် တစ်ခုကို သင်တို့ မှတ်သား၍ ရအောင် ပြောပြ ပါဦးမည်။ ကျေးဇူးများ လာတင်လျှင် လေးလံ သောကြောင့် ကျေးဇူး တင်ခြင်း သည်းခံပါ။

အမြဲတမ်း အဆင်ပြေ နေသည် ဟူသော စုံတွဲသည် လေဖြတ် သွားသော မျောက် တစ်ကောင်နှင့် တူသည်ဟု ကျွန်တော် ကတော့ ထင်ပါသည်။ ရယ်ချင်က ရယ်ချလိုက် နိုင်ပါသည်။ အငြိမ် မနေတတ်သော မျောက်ကိုမှ လေဖြတ်ပါက ထိုမျောက်အဖို့ သေသည်နှင့် မခြားသော သဘော ဖြစ်ပါသည်။ ယခု တင်စားချက် ကိုမူ အပေါ်မှာ ကဲ့သို့ ကျွန်တော် ရှင်းမပြ တော့ပါ။ ကိုယ့်ဟာကိုယ် စဉ်းစား ကြည့်ကြရန် မေတ္တာ ရပ်ခံအပ် ပါသည်။ ထို့ကြောင့် ကျွန်တော် ကတော့ သူမ စိတ်ဆိုးအောင် ခဏခဏ စလေ့ရှိပါသည်။ လေဖြတ်နေသော မျောက်မဟုတ်၍ အငြိမ် မနေခြင်း ဖြစ်သည်ဟု ကျွန်တော့်အား ဝေဖန်ပါက လက်ခုပ်တီး၍ အားပေးပါမည်။ ကျွန်တော့်အား စိတ်ကောက် နေသော အခါတွင် ကွန်တော် ဘယ်လို ချော့ချော့ တစ်ခွန်းမှ ပြန်မပြောဘဲ ကျွန်တော့်အား ဒီအတိုင်း ထိုင်ကြည့် နေတတ်ပြီး သူမ မနေနိုင်အောင် ရယ်စရာများ လျှောက်ပြော မှသာ စိတ်ကောက် ပြေလာတတ် ပါသည်။ သူမ စိတ်ကောက် ချင်ယောင် ဆောင်နေတာသာ ဖြစ်ကြောင်း ကျွန်တော် သိနေခြင်းကိုတော့ သူမ ယခုအထိ မသိရှာပါ။

သင်တို့ အားကျ လေးစား သွားအောင် ကျွန်တော် တစ်ခုလောက် ပြောချင် ပါသေးသည်။ သူမနှင့် ကျွန်တော်သည် စိတ်ကောင်း ရှိတာချင်း တူသည့် အလွန်တရာ လိုက်ဖက် ညီသော စုံတွဲ ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော့် ကဗျာ များကို ဖတ်ပြီးတိုင်း သိပ်နားမလည် လှသည့် တိုင်အောင် “သိပ်ကောင်းတာပဲ” ဟု သူမက ပြောတတ် သလို ကျွန်တော် ကလည်း သူမ၏ ကဗျာ လေးများ လိုအပ်ချက် ရှိနေသည့် တိုင်အောင် “ကောင်းလာ တယ်နော်” ဟူ၍ ဖေးဖေးမမ အပြန်အလှန် အားပေး တတ်ကြခြင်း ဖြစ်ပါသည်။ နိဂုံးချုပ် တော့မည် ဖြစ်သောကြောင့် အနည်းငယ်တော့ ဖွဲ့နွဲ့သွားချင် ပါသေးသည်။ ကျွန်တော့် အတွက်တော့ သူမသည် ကျွန်တော့် ကဗျာ များကို စောင့်ကြပ်သော ကဗျာစောင့် နတ်သမီး၊ ကျွန်တော့်ကို စောင့်ကြပ်သော ကွန်တော်၏ ကိုယ်စောင့် နတ်သမီးလေး တစ်ပါး ဖြစ်သော်လည်း အခြားသူများ အတွက်မူ “ဝင်ခွင့်မရှိ” ဟု ကျွန်တော် တင်းကြပ် ကန့်သတ်ပစ် ချင်သော တားမြစ် နယ်မြေ ဖြစ်ပါသည်။

နောက်ဆုံး တစ်ခေါက် ကျွန်တော် ပြောချင် ပါသည်။ ကျွန်တော်က အမှတ် သည်းခြေ မရှိသော ကောင်မို့လို့ ဖြစ်ပါသည်။ ကျွန်တော် အလွန် ချစ်ရသော မိန်းမပျို လေးသည် ကျွန်တော့် နှလုံးသား ထဲတွင် ခုန်ဆွ ခုန်ဆွဖြင့် ဟိုဟိုဒီဒီ လျှောက်သွား နေတတ်သော ဖားပြုတ်မလေး တစ်ကောင်သာ ဖြစ်ပါသည်။

 

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment