တစ်ခါက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိပါသတဲ့။ အဲဒီ ဘုရင်ကြီးမှာ လိန္တက ဆိုတဲ့ သားတော်လေး တစ်ပါး ရှိတယ်တဲ့။ လိန္တက ဆိုတာကို မြန်မာလို အနက်ပြန် ရင်တော့ လူလိန် ပေါ့ကွယ်။ အဲဒီ သားတော် လူလိန်လေး အရွယ်ရောက် လာတဲ့အခါ မှာတော့ ဘုရင်ကြီးက သူ့ သားတော်လေးကို တက္ကသိုလ်ပြည်က ဒိသာပါမောက္ခ ဆရာကြီးဆီကို လွှတ်ပြီးတော့ မင်းညီ မင်းသားတို့ တတ်အပ်တဲ့ အဠာရသ ၁၈ ရပ်ကို သင်ကြား စေပါသတဲ့။ ဒါပေမဲ့လည်း နဂိုကတည်းက ဗီဇ မကောင်းတဲ့ လူလိန် မင်းသားလေးဟာ ဘာမှလည်း သေချာ လိုက်မသင်ဘူးတဲ့။ ဒီကြားထဲ အပေါင်းအသင်း မှားပြီး ဘိန်းရှူတတ် လာပါရော။ နဂိုကတည်းက ဘာမှမတတ်တဲ့ မင်းသား လူလိန် လေးဟာ ဘိန်းလည်း ရှူတတ် သွားရော အမြဲတမ်း ချောင်ကပ်ပြီး ဘိန်းကိုသာ ရှူနေပါ တော့သတဲ့။
အဲဒီလိုနဲ့ သုံးနှစ်သုံးမိုး ပြည့်လို့ အားလုံး ပညာစုံပြီလို့ ယူဆလိုက်တဲ့ ဆရာကြီးဟာ သူ့ကျောင်းသား တွေကို အရည်အချင်းစစ် စာမေးပွဲ လုပ်ပြီးတော့ အတော်ဆုံးသူကို သူ့ သမီးတော်နဲ့ ပေးစား မယ်လို့ ကြေညာ ပါသတဲ့။ မင်းညီ မင်းသားတွေ အားလုံးကလည်း ပျော်ကြတာပေါ့။ ဆရာကြီးရဲ့ သမီးဟာ ဒီခေတ်မှာ ချောတယ် ဆိုတဲ့ မင်းသမီးတွေ လောက်ကိုတော့ သနားတယ်လို့ ပြောလို့ ရအောင် ချောမောလို့ ပါပဲတဲ့။ ဘာမှ မတတ်တဲ့ လူလိန် မင်းသားခမျာ မှာတော့ ယောင်လည်လည် နဲ့ပေါ့။ ဒါပေမဲ့ ကံကောင်း သွားတာ တစ်ခုက အဲဒီ မင်းသားလေးဟာ ကလိန် ကကျစ်ဉာဏ် အရမ်း ထက်မြက် တာပါတဲ့။ ဆရာကြီးက အားလုံးကို ယှဉ်ပြီး လေးပစ်တာ ပြိုင်ခိုင်းပြီ ဆိုရင် သူက သူ့အလှည့် မရောက်ခင် ပစ်မှတ် အဝိုင်းကြီးရဲ့ နောက်မှာ သံလိုက်တုံးတွေ သွားကပ် ထားတာမျိုး၊ အဲဒီလို လိန်တတ် ကျစ်တတ်တော့ သူ့ကို ဆရာကြီးက သူသင်ပေး သမျှကို အကုန်တတ် တယ်လို့ ထင်ပြီး သိပ်သဘောကျ နေတာပေါ့။ အဲဒီကျတော့ ဆရာကြီးက အဲဒီ လူလိန် မင်းသားလေးကို ခေါ်ပြီး မေးတယ်။
“တပည့်၊ မင်းက ဆရာကြီးရဲ့ တပည့်တွေ ထဲမှာတော့ အတော်ဆုံးပဲ၊ ဆရာကြီး မင်းရဲ့ အစွမ်းကို အားရတယ်၊ ဒါနဲ့ တပည့်က ဘာတွေကိုများ တဖက်ကမ်းခပ် တတ်မြောက်သေးလဲ”
“တပည့်က ဘူရှိန်း အတတ်ကို တဖက်ကမ်းခပ် တတ်ပါတယ် ဆရာကြီး ခင်ညား.. အဟိ”
အဲဒီမှာ ဆရာကြီးက သူ့တပည့်ဟာ သူမတတ်မြောက်တဲ့ အတတ်ကိုတောင် တတ်မြောက် တယ်လို့ ထင်ပြီးတော့ သူ့ရဲ့ သမီးတော်လေးကို လိန္တက မင်းသားလေး လက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက် ပါသတဲ့။ လူမိုက်များ တယ်ကောင်းစား သကွဲ့နော်။
အဲဒီလိုနဲ့ လူလိန် မင်းသားလေးဟာ သူ့တိုင်းပြည်ကို ပြန်ရောက်လာ ပါသတဲ့။ သူ့ ဖခမည်းတော် ဘုရင်ကြီး ကလည်း သူ့သားတော် လေးကို ခမ်းခမ်းနားနား ကြိုဆိုတာပေါ့။ ပြီးတော့ သူ့ သားတော်လေးကို မေးပါလေရော။
“ငါ့သားတော်လေး လိန်လိန်”
“ဘုရာ့”
“အေး.. ငါ့သားတော်လေး အဆင်ပြေခဲ့ရဲ့လားကွဲ့”
“မှန်ပါ့.. သားတော်လေးကို ယူနီဗာစီတီ ပြည်က ဒိသာ ပလော်ဖက်ဆာကြီးက..”
“ဟဲ့ဟဲ့.. ဘာတွေ မချေမငံ ပြောနေတာတုန်း”
“အော်.. ဖခမည်းတော် ကလည်း၊ သားတော်က ဘိုလို ဖူးတာလေ၊ တက္ကသိုလ်ပြည်က ဒိသာ ပါမောက္ခကြီးလို့ ပြောတာပါ၊ သူက သားတော်ရဲ့ အရည်အချင်းကို သဘောကျလို့ သူ့သမီးလေး ကိုပါ ထည့်ပေး လိုက်ကြောင်းပါ ဘုရာ့”
“အိမ်း.. ငါ့သားတော်လေးက ဘာတွေများ ထူးထူးခြားခြား တတ်မြောက် လာသတုန်းကွဲ့”
“မှန်ပါ.. သားတော် ဘူရှိန်း အတတ်ကို တတ်မြောက် ခဲ့ကြောင်းပါ”
ဘုရင်ကြီး ကလည်း ဘူရှိန်းဆိုတာ ဘာမှန်း မသိပြန်ဘူး တဲ့ကွယ်။ ဒါပေမဲ့လည်း သူ့ သားတော်လေးကို အထင်တကြီးနဲ့ ထီးနန်း အရိုက်အရာ ကိုပါ လွှဲပေးလိုက် ပါရောတဲ့။
ဘုရင် ဖြစ်သွားတဲ့ လိန္တက မင်းသားလေးဟာ ဘိန်းလေး ရှူလိုက်၊ တိုင်းပြည်လေး အုပ်ချုပ် လိုက်နဲ့ အသက်ထက်ဆုံး နေသွားပြီး အချိန်တန်တော့ သေလွန်သွားပါ လေသတဲ့။ သေတော့ ယမမင်းကြီးဆီ ရောက်သွားရှာ တာပေါ့။ ယမမင်းကြီးဆီ ရောက်တော့လည်း ယမမင်းက မေးပြန် ရောပေါ့။
“မောင်မင်း.. လူ့ဘဝတုန်းက ဘာတွေလုပ်ခဲ့လဲ”
“ကျွန်တော်က လူ့ဘဝတုန်းက.. အာ.. လူ့ဘဝပါဆို လူလုပ်ခဲ့ တာပေါ့ဗျ”
“ဟာ.. ခက်သကွာ.. ငါမေးတာက မင်းဘာတွေ ကောင်းမှု မကောင်းမှု လုပ်ခဲ့လဲလို့ မေးတာဟ”
“အော်.. ဒါလား၊ ကျုပ်က ဘူရှိန်းတဲ့ အလုပ်ပဲ လုပ်တယ်”
ယမမင်းကြီးလည်း ခေါင်းစား သွားပြန်ရော ပေါ့ကွယ်။ သူလည်း ဘူရှိန်း ဆိုတာကို မသိဘူးလေ။ ဒါပေမဲ့ ယမမင်းကြီး လုပ်နေ ပြီးတော့ မသိဘူး ဆိုရင်လည်း သူသိက္ခာ ကျမယ် ဆိုတော့..။ သူက စီစဉ် လိုက်တယ်။
“ဒီလိုလုပ်ကွာ.. မင်း လောလောဆယ် နတ်ပြည်က ယာမာဘုံမှာ သွားနေလိုက်၊ ပြီးမှ သင့်တော် သလို ဆက်ပြီး စီစဉ်ပေးမယ်”
“အင်းလေ.. ရပါတယ်၊ အနစ်နာ ခံရမှာပေါ့”
လိန္တက မင်းသားလေးလည်း နတ်ပြည်ကို သွားဖို့ ဘတ်စ်ကားဂိတ် ရောက်သွားရော ယမမင်းကြီးက သူ့တပည့် တွေကို ခေါ်လိုက် ပါတယ်တဲ့။
“မင်းတို့တွေ ဘူရှိန်းဆိုတာ ဘာလဲ သိလား”
“ယမမင်းကြီးတောင် မသိတာ.. ကျွန်တော်မျိုးတို့က ဘယ်လို သိမှာလဲ”
“အေး.. ဒါဆိုလည်း မင်းတို့တွေ လူ့ပြည်ကို သွားပြီး အဲဒီ ဘူရှိန်းအတတ် ဆိုတာကို သွား စုံစမ်းကြ..”
အဲဒီအချိန် မှာတော့ နတ်ပြည်မှာ လူလိန် မင်းသားလေးက နတ်ပြည်အနှံ့ ခြေဆန့် နေလေရဲ့ တဲ့ကွယ်။ သူက လျှောက်သွားရင်းနဲ့ တာဝတိံသာ ပြည်ကို ရောက်သွား တယ်တဲ့။ အဲဒီ တာဝတိံသာ မှာက လူ့ပြည်တုန်းက ကောင်းမှုတွေ တအားလုပ်ပြီး ကုသိုလ်တွေ များလွန်းလို့ တာဝတိံသာပြည် တစ်ခုလုံးကို တစ်ပါးတည်း ပိုင်တဲ့ နတ်သား အဘိုးကြီး တစ်ပါး ရှိပါတယ်တဲ့။
လူလိန် မင်းသားက အဘိုးကြီးနဲ့ သွားတွေ့ တာပေါ့။ အဲဒီမှာ လူလိန် မင်းသားလေးက စိတ်ကောင်း ဝင်လာတယ်။ ဘာလဲ ဆိုတော့ သူနေတဲ့ ယာမာဘုံက တာဝတိံသာ ဘုံရဲ့ အပေါ်မှာကိုး။ အဲဒီတော့ သူက အဘိုးကြီးကို ပြောလိုက်တယ်။
“အဘိုးခင်ဗျာ.. ကျွန်တော့် ဘုံအောက်မှာ အဘိုးက နေတယ် ဆိုတာ မသင့်တော်ပါဘူး၊ ကျွန်တော်လည်း ငရဲ ရပါတယ်၊ အဲဒီတော့ အဘိုးနဲ့ ကျွန်တော်နဲ့ ဘုံချင်းလဲပြီး နေကြရအောင်”
အဘိုးကြီး ကလည်း သဘောတူ လိုက်တယ်တဲ့။ အဲဒါနဲ့ သူတို့ နှစ်ယောက် ဘုံချင်း လဲလိုက်ပြီး နေကြတာ ပေါ့ကွယ်။
အဲဒီလို လူလိန် မင်းသားလေး နတ်ပြည်မှာ အဆင်ပြေ နေတဲ့ အချိန်မှာ ငရဲပြည် မှာတော့ ဆူညံ ပွက်လောရိုက် နေပါသတဲ့။ ဘာလို့လဲ ဆိုတော့ ငရဲမင်းကြီးရဲ့ တပည့် နှစ်ယောက်က ဘူရှိန်း ဆိုတာရဲ့ အဓိပ္ပာယ်ကို စုံစမ်းလို့ ရသွားလို့ ပါတဲ့။
“ယမမင်းကြီး ခင်ဗျား.. ဟို လိန္တက ဆိုတဲ့ မင်းသားက ယမမင်းကြီးကို ချသွားတာ ခင်ဗျ”
“ဘာ.. ဘာဖြစ်တယ်၊ ကြက်သီးတောင် ထလာပြီ”
“ဟုတ်ဘူးလေ.. ညှပ်ချ သွားတာလို့ ပြောတာ၊ သူပြောတဲ့ ဘူရှိန်းဆိုတာ ဘိန်းရှူ တာကို ပြောတာ”
“ဟေ.. ဒီလို ကိစ္စမျိုး ရှိသလား၊ ဒီကောင့်ကို ချက်ချင်း ယာမာဘုံ ကနေ ဆွဲထုတ်ပြီး ငရဲကို ခေါ်လာခဲ့၊ ပြီးရင် တာဝတိံသာက နတ်သားကို အဲဒီ နှစ်ဘုံလုံး အပိုင်စား ပေးလိုက်”
ဘာတွေ ဆက်ဖြစ် ကြမယ် ဆိုတာတော့ အားလုံး မှန်းလို့ ရလောက် ပါပြီနော်။ လူမိုက် ကောင်းစား ပေါ့ကွယ်။ ကြောင်ကြာကြာ ရေမငုပ်ဘူး ဆိုတဲ့ စကားပုံလည်း ပြောင်းရတော့ တာပါပဲ။ အလိန်အလှည့် အကျစ်အကောက် တော်တဲ့ လိန္တကလေး ကတော့ အောက်ဆီဂျင် ပိုက်နဲ့ ငုပ်တဲ့ ကြောင်မို့လို့ အကြာကြီး ရေငုပ်လို့ ရသွားပါသတဲ့။ ဒါပေမဲ့ အဲဒီ လိန္တက လေးရဲ့ အဘိုးကြီး အပေါ် တစ်ချက်လေး ထားလိုက်မိတဲ့ စေတနာက ဒီဘဝ ထိအောင် အကျိုးပေးတဲ့ အတွက်ကြောင့် ဒီဘဝ မှာလည်း စုဘူး ခေါင်းဆောင်ကြီး ဖြစ်ပြီးတော့ အားလုံးအပေါ် လိန်နေ နိုင်တာပါ တဲ့ကွယ်။
ပုံပြင်လေး ကတော့ ဒါပါပဲကွယ်။ ပုံပြင်လေးကို ဖတ်မိတဲ့ သူတွေ အားလုံးလည်း လိန္တကလေး လိုပဲ လိမ်နိုင်၊ ကျစ်နိုင်၊ ကံကောင်း နိုင်ကြ ပါစေကွယ်။ ပုံပြင် ပြောပြတဲ့ သူရဿဝါ လေးလည်း မိန်းမ ချောချောလေး ရပါစေလို့ ဆုတောင်း လိုက်ပါတယ်။
မှတ်ချက် - ရခိုင်ရိုးရာပုံပြင်တစ်ပုဒ်အား မှီငြမ်းဆန်းသစ်၍ ပြန်လည်ရေးသားပါသည်။
သူရဿဝါ
၁၀ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment