ဒီတစ်နေ့တာ အတွက် SBtv ရဲ့ ဖျော်ဖြေရေး အစီအစဉ် များကို တင်ဆက်ဖို့ အချိန် ကျရောက်လို့ လာခဲ့ ပြန်ပါပြီ။ အစီအစဉ် တင်ဆက်သူများ အဖြစ်ကတော့ ထုံးစံအတိုင်း ကျွန်တော် “သူရဿဝါ” နဲ့ ကျွန်မ “တခါတခါ လှတဲ့ ဝါဝါမ” တို့ကပဲ ဆက်လက် တာဝန် ယူသွားမှာ ဖြစ်ပါတယ်။
SBtv ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
သိပ်မကြာ တော့တဲ့ အချိန်အတွင်း မှာပဲ စုဘူး ဖန်ကလပ် (ရန်ကုန်) အသင်းနဲ့ စုဘူး ဖန်ကလပ် (မန္တလေး) အသင်း တို့ရဲ့ ချစ်ကြည်ရေး ခြေသရမ်း ပွဲကြီးကို စတင် တော့မှာ ဖြစ်ပါတယ် ခင်ဗျ။ အထူးတန်း ပွဲကြည့်စင် ညောင်ပင် ခွကြားမှာ တင်မက ရိုးရိုးတန်း ပွဲကြည့်စင် လမ်းဘေး မှာပါ လာရောက် ကြည့်ရှု သူတွေ များလှပါတယ် ခင်ဗျ။ ဒီပွဲဟာ အလွန် ထူးခြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် ခင်ဗျ။ ဒီပွဲကို ရန်ကုန်စုဘူး အသင်းက သုဝဏ္ဏ ကွင်းထဲမှာ ကျင်းပစေ ချင်သလို မန်းစုဘူး အသင်း ကလည်း ဗထူးကွင်းမှာ ကျင်းပစေ ချင်တယ် ဆိုပြီး ငြင်းခုံကြ ရာကနေ ဘောလုံး မကန်ခင် လူချင်း ကန်ကုန်ကြမှာ စိုးတဲ့အတွက် ဒိုင်လူကြီး ဖြစ်တဲ့ ကိုကီလိုက ရန်ကုန် - မန္တလေး မိုးယို လေယို အဝေးပြေး လမ်းမကြီး ပေါ်မှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့ပါတယ် ခင်ဗျ။
ကျွန်တော် ကြေညာနေတဲ့ အချိန်မှာပဲ နှစ်သင်းစလုံး ဖုတ်ဖက်ခါပြီး လမ်းမပေါ် တက်လာ ကြပါတယ် ခင်ဗျ။ အဲ.. နှစ်သင်းစလုံး ကလည်း အဖြူရောင် တွေချည်းပဲ ဝတ်ဆင်ထား ကြပါတယ် ခင်ဗျ။ အင်္ကျီလည်း ဘယ်သူမှ ပြန်မလဲ ကြပါဘူး ခင်ဗျ။ အဲဒီမှာ ဒိုင်လူကြီး ကိုကီလိုက အိတ်ထဲက နှစ်ဆယ်တန် နှစ်ရွက်ကို ထုတ်တယ် ခင်ဗျ။ ပြီးတော့ နှစ်ဘက် အသင်း ခေါင်းဆောင် တွေကို အနိုင်အရှုံး ဘူကြီး ပွတ်ခိုင်းတယ် ခင်ဗျ။ ခုဆို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အရ ရန်ကုန် စုဘူး အသင်းက အင်္ကျီချွတ် ကန်မှာ ဖြစ်ပြီး မန်းစုဘူး အသင်း ကတော့ ဘောင်းဘီ ချွတ်ကန်မှာ ဖြစ်ပါတယ် ခင်ဗျ။
အဲ.. စပါပြီ ခင်ဗျ။ ရန်ကုန်စုဘူး အသင်းက ဖာနန်ဒို ဒတ်ကလော့ ဆွဲတယ် ခင်ဗျ။ ထပ်ဆွဲတယ် ခင်ဗျ။ ဘောလုံးကို မဆွဲဘဲ မန်းစုဘူး အသင်းက မာဘရာဟီ ဇေဗစ်ရဲ့ ဆံပင်ကို သွားဆွဲ တာပါ ခင်ဗျ။ ဒိုင်လူကြီး ကိုကီလိုက အဝါကဒ်ထက် ပိုထိရောက်တဲ့ ဓားမကြီး ပြပြီး သတိပေး ပါတယ် ခင်ဗျ။ မာဘရာဟီ ဇေဗစ် ကုန်တင်တယ် ခင်ဗျ၊ အဲလေ.. ကန်တင်တယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ရန်ကုန်စုဘူး အသင်းက ပင်နယ်လ် ဒင်ဂွင်းက လည်ပင်းနဲ့ ဖမ်းထိန်းတယ် ခင်ဗျ။ အသေသတ် ပါတယ် ခင်ဗျ၊ အဲ.. သေသပ် ပါတယ် ခင်ဗျာ။ ဒါပေမဲ့ လည်ဇလုပ်ကြီး အထဲဝင် သွားတဲ့ အတွက် ပင်နယ်လ် ဒင်ဂွင်း သတိလစ် သွားပါတယ် ခင်ဗျာ။ ဒိုင်လူကြီး ကိုကီလိုက ဘာဂျာ မှုတ်ပြီး “ဖဲပလေး.. ဖဲပလေး” လို့ အော်တယ် ခင်ဗျ။ ရန်ကုန်စုဘူး အသင်းက လူစတီယာနို လိန်နယ်လ်ဒိုက ဖဲထုပ်ချပြီး ကုလားဖန် ထိုးပါတယ် ခင်ဗျ။ ဒါကို ဒိုင်လူကြီးက ဖဲပလေး ဆိုတာ ဖဲကစား ခိုင်းတာ မဟုတ်ဘဲ (Fair Play) လို့ ပြောတာ ဆိုပြီး လူစတီယာနို လိန်နယ်လ်ဒိုကို အုတ်နီခဲ ပြပြီး သတိပေး ထားပါတယ် ခင်ဗျ။ အခုဆို မန်းစုဘူး အသင်းက အန်ဒီနီမြဲ ကန်တယ် ခင်ဗျ။ နောက်တစ်ချက် ကန်တယ်။ ထပ်ကန် ပါတယ် ခင်ဗျား။ ဒါပေမဲ့ ဘောလုံးကို ကန်တာ မဟုတ်ဘဲ ဖာနန်ဒို ဒတ်ကလော့ကို ဆောင့်ကန် တာကြောင့် ဒိုင်လူကြီးက ထောင့်ကန်ဘော မဟုတ်တဲ့ ဆောင့်ကန်ဘော ပေးထား ပါတယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ကန်ဖို့ ပင်နယ်လ် ဒင်ဂွင်းက တည်ထား ပါတယ် ခင်ဗျ။ အဲ.. မာစီဒီးစ်က ဝင်ကန်တယ်။ အဲဒါကိုမှ ကွန်တိန်နာ ကြီးက ထပ်ကန် ပါတယ် ခင်ဗျာ။
ကျွန်တော် ကြေညာနေစဉ် အချိန်အတွင်း မှာပဲ အဝေးပြေး လမ်းမကြီး ပေါ်ကို ကားတွေ တစ်စီးပြီး တစ်စီး ဖြတ်လာ နေကြပြီ ဖြစ်တဲ့ အတွက် ဒိုင်လူကြီး ကိုကီလိုက ပွဲကို ရပ်နားတဲ့ အနေနဲ့ ပွဲသိမ်း ဘာဂျာ မှုတ်ထား လိုက်ပါပြီ ခင်ဗျား။
SBtv မီးသတိပေးသီချင်းအစီအစဉ်
ဒီတစ်ခါ အကျိုးပြု မီးသတိပေး သီချင်းကိုဆိုဖို့ အလှည့်ကျလာ တာကတော့ ဂျူးမြစ်လေးရဲ့ ဆိုအော်နို ဖြစ်ပါတယ် ခင်ဗျန်။
“မင်္ဂလာပါရှန်.. မီးက မီးသတိပေးတဲ့ အနေနဲ့ မီးသတိပြု သီချင်းလေးကို ဆိုပြပါရစေ ရှန်.. မီးဘေး ရှောင်လို့.. မလောင်ခင် ရှို့ကြပါ၊ အဲလေ.. မလောင်ခင် တားကြပါ.. ရန်သူ ထိုမီးကို အကြွင်းအကျန် ထားရင် မှားကြတော့မှာ.. အမှိုက်ကစ လောင်တတ်တာမို့ အိမ်တွင်း အိမ်ပြင် ရေဖျန်း စေချင်တာ.. လူတိုင်း လူတိုင်း မီးမြှိုက် ကြပါရှန်၊ အဲလေ.. မီးသတိပြု ပါရှန်.. ဒန်.. ဒန်..”
SBtv ဗေဒင် အစီအစဉ်
အခုထပ်မံ တင်ဆက်မယ့် အစီအစဉ် ကတော့ နာမည်ကျော် ဗေဒင်ဆြာမ ဘော့စနီးယားပြန် မြိုင်မဟာ ချမ်းချမ်းလေးရဲ့ ဟိုလွဲဒီပြင် ရွှေဗေဒင် ကဏ္ဍပဲ ဖြစ်ပါတယ်။ ရှုစားတော် မူကြပါ ခင်ဗျန်။
“ဟုတ်ကဲ့.. တမီးလ် ကတော့ သူပုန် ဖြစ်ပါတယ်၊ အဲ.. ချောတီး.. တမီးကတော့ ဘော့စနီးယားပြန် မြိုင်မဟာ ချမ်းချမ်းလေး ဖစ်ပါတယ်။ ထုချိန် ကစပီး ခုနစ်ရက် တားတမီး ဗေဒင်ကို ဟောပါ တော့မယ်..
တနင်္ဂနွေ တားတမီးတွေ အတွက်.. အထူး ကံကောင်းတဲ့လ ဖစ်ပါတယ်.. မသေရုံ တမယ်လေး ကားတိုက် ခံရရုံနဲ့ လျော်ကြေး သိန်းချီပီး ရနိုင်ပါတယ်။ ဆောင်ထားသင့်တဲ့ အဆောင် ကတော့.. ဓာတ်ကြိုး ဖစ်ပါတယ်.. ယတြာ ကတော့.. ညောင်ပင် အောက်မှာ ရှူရှူးပေါက်ပါ။
တနင်္လာ တားတမီး တွေလည်း ကံကောင်း ပါတယ်။ အထူးတဖြင့် နိုင်ငံဂျား ဆွေမျိုးသားချင်း တွေဆီက မမျှော်လင့်တဲ့ လက်ဆောင်မျိုး ရနိုင်ပါတယ်။ ဆောင်ထားသင့် တာကတော့ ဂုံနီအိတ် ဖြစ်ပါတယ်.. ယတြာကတော့ အိမ်ရှေ့ ဖြတ်သွားတဲ့ ဈေးသည် မှန်သမျှကို လာပါဦးလို့ ထော်လိုက်ပါ။
အင်္ဂါ တားတမီး တွေကတော့.. တော်တော်ကြီးကို ကံဆိုးနေတဲ့ အချိန် ဖစ်ပါတယ်။ ခြေထောက်ပေါ် မီးပူ ပြုတ်ကျကိန်း ချိပါတယ်။ ဒီထက်ပိုပြီး ကံဆိုးရင်.. အဲဒီ ခြေထောက်ကြီး ပုပ်ပြီး ဖြတ်ပစ် ရကိန်း ရှိပါတယ်။ ဒီထက်ထပ်ပြီး မဟားဒယား ကံဆိုးရင်တော့.. ဆရာဝန်က ပုပ်တဲ့ ခြေထောက်နဲ့ ကောင်းတဲ့ ခြေထောက်ကို မှားဖြတ်ပစ် မိပါလိမ့်မယ်။ ဆောင်ထားသင့် တာကတော့.. ထီးစုတ် ဖစ်ပါတယ်။ ယတြာ ပေးရမယ် ဆိုရင်တော့ ဘတ်စ်ကား မှတ်တိုင်မှာ ကားခ မရှိဘူး.. ကားခ မရှိဘူးလို့ ဆယ်မိနစ်ခန့် ခပ်ကျယ်ကျယ် အော်ပါ။
ကျန်တဲ့ ကြာတာပတေး၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟီး တားတမီး တွေကိုတော့ အာရုံ မရတေးတဲ့ အတွက် မဟောသေး ပါဘူးရှင်.. ဘော့စနီးယား ကနေ နောက်တစ်ခေါက် ပြန်လာရင် ဟောပါမယ်..”
SBtv နောက်တစ်နေ့ အစီအစဉ်
ဒီကနေ့တော့ ဘောလုံးပွဲ လွှင့်ရင်းနဲ့ပဲ အချိန်ကုန် သွားလို့ ကျန်အစီအစဉ် များကို နောက်တစ်နေ့ အစီအစဉ်ထဲ ထည့်လိုက် ပါတယ်။ နောက်တစ်နေ့ အစီအစဉ်များ ကိုတော့ အင်တာနက်ဖိုး ရှိရင် လွှင့်မှာဖြစ်ပြီး အင်တာနက်ဖိုး မရှိရင် မလွှင့်ပါဘူး ဆိုတဲ့ အကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျန်။
သူရဿဝါ
၂၉ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment