Saturday, January 03, 2009

မင်းမသိသေးတဲ့ မင်းအကြောင်း


မင်းရဲ့စိတ်ဓာတ်က
မင်းရှိုက်ဖွာလိုက်တဲ့
စီးကရက်မီးလိုလောင်လောင်ကျွမ်းကျွမ်း
ငါတို့အမြင်မှာတော့ မင်းကိုယ်တိုင်က
မင်းထွေးပစ်လိုက်တဲ့ ကွမ်းတံတွေးပဲ။

တခါတခါ မင်းသိတယ်ထင်သော
မင်းမသိတဲ့အရာများအကြောင်း ပြောလားပြောရဲ့။
တခါတခါ ငါတို့မသိဘူးထင်သော
မင်းသိတယ်ထင်တဲ့အရာများအကြောင်း ပြောလားပြောရဲ့။

အဲဒီလို ဘောင်ဘင်ခတ်ကြွားဝါမှုတွေ
အထက်စီးနင်းစကားလုံးတွေနဲ့ တည်ခင်းသော
မင်းရဲ့လက်ဖက်ရည်ပွဲက
ငါတို့အတွက်မချို
ငါတို့မပါဝင်လိုဘူး။

မင်းရဲ့ပါးစပ်ဖျားမှာ မင်းက
ရာသက်ပန်မင်းသား၊ ရာသက်ပန်သန်းကြွယ်သူဋ္ဌေး၊
ရာသက်ပန်စွန့်ဦးတီထွင်၊ ရာသက်ပန်အတတ်ပညာရှင်၊
အဲဒီလိုဆိုပြန်တော့
မင်းရဲ့မှောင်မှောင်မဲမဲ အသိဉာဏ်မှာ
တသမတ်တည်းလောကဓံက အနိမ့်အမြင့်မရှိရှာဘူး။

နိမ့်စရာအကြောင်းမရှိသော မင်းရဲ့မြေမှာ
စိုက်ဝင်စရာလှံလည်း ရှိမလာနိုင်ဘူးလို့ မင်းကထင်တယ်။
ဖြစ်သင့်တာက မင်းကိုယ်မင်းသေချာပြန်ကြည့်
ပြီးရင်ငါတို့ကိုကြည့်
မင်းဟာ လောင်ကျွမ်းနေတဲ့ ဆေးလိပ်မီးဖြစ်ကြောင်း
ဖြတ်သွားဖြတ်လာလမ်းပေါ်က ကွမ်းတံတွေးဖြစ်ကြောင်း
မင်းမသိခင်ကတည်းက ငါတို့သိနေခဲ့ပြီးသားဆိုတာ
မင်းသိလာလိမ့်မယ်။

 

သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment