Thursday, May 01, 2008

ရူးနေကြတဲ့ အကြောင်းတွေ



ကိုယ်အဖြစ်ချင်ဆုံး ဆန္ဒတွေ တကယ့်ကို အကောင်အထည် ပေါ်လာ ခဲ့ချိန်မှာ တလောကလုံး ရှိရှိသမျှ ပန်းတွေ ဖူးပွင့် ကြိုင်လှိုင်လာ၊ ကျေးငှက် ပေါင်းစုံ တီတာ ခွန်းချိုလာ။ အင်း.. ကိုယ့်စိတ်ထဲ မှာတော့ ဒီအတိုင်းပဲ ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘဝထဲကို သူ့ရဲ့ ဘဝလေး မြဲမြဲစွဲစွဲ တွယ်ယှက် နေခဲ့ပြီ ဆိုတာ သေချာခဲ့ တုန်းကပေါ့။

တကယ်တော့ အချစ်နဲ့ ကြုံတွေ့ နေသူတိုင်းဟာ အရူးတွေ ဖြစ်တယ် ဆိုရင်တောင် အားလုံးဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေး သိမ်မွေ့မှု များများစားစား ရှိတဲ့ ရူးသွပ် နေသူတွေ ဖြစ်ပါ လိမ့်မယ်။ အားလုံးလည်း ရူးခဲ့ကြ ဖူးမှာပါ။ အဲဒီလို ရူးခဲ့ကြသူ တိုင်းဟာလည်း ကိုယ်တိုင်ကိုယ်ကျ ခံစား ခဲ့ရတာ မှန်သမျှကို အမြတ်တနိုး၊ ဒါမှမဟုတ်.. အမှတ်တရ သိမ်းဆည်း သိုလှောင် ထားခဲ့ကြ သူချည်းပါပဲ။ သိပ်ချစ်တတ်တဲ့ သူတွေကိုလည်း တွေ့ဖူးတယ်။

ချစ်သူရဲ့ ချွေးနံ့ သင်းတဲ့ တစ်ရှူးစကို သိမ်းထား ကြသူတွေ.. ချစ်သူရဲ့ ဆံစလေး တွေကိုမှ တိပ်နဲ့ ကပ်ပြီး ယုယုယင်ယင် သိမ်းဆည်း ကြသူတွေ အားလုံးဟာ အချစ်အတွက် အမြင့်မားဆုံး ထိုးတက် ပျံသန်း၊ အတောက်ပဆုံး လောင်ကျွမ်း လင်းဝင်းခဲ့ကြ။ ဘေးလူတွေ အမြင်မှာ ဒါဟာ ရူးသွပ်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နေမှာ မှန်ပေမယ့် ကာယကံရှင် အတွက် ကတော့ ကိုယ့်ကိုယ်ကို သူရဲကောင်း အဖြစ် ရဲရဲဝင့်ဝင့် မှတ်ကျောက်တင် ပစ်ကြတဲ့ မဟာအောင်ပွဲ တစ်ခု ဖြစ်နေပါ လိမ့်မယ်။

ကိုယ်လည်း ဖြစ်ဖူးတယ်။ ရူးသွပ်တယ်.. အချစ်ရဲ့ လက်တော်ထဲမှာ သိမ်မွေ့စွာပဲ နေထိုင် ခဲ့ပါတယ်။ မျက်တောင် တစ်ချက် ခတ်ရုံနဲ့ ကိုယ့်ရှေ့က ပျောက်ဆုံး သွားတော့မယ့် အတိုင်း ချစ်သူရဲ့ မျက်နှာလေးကို ကြည်ကြည်နူးနူး ကြည့်နေ ခဲ့ဖူးတယ်။ ချစ်သူကို ရင်ခွင်ထဲ ထားပြီး တိတ်တိတ် ကလေး သနားညှာတာ နေခဲ့ဖူးပါတယ်။ ဒါဟာ တကယ့်ကို အကြီးစား ရူးသွပ်မှု ဆိုရင်လည်း အဲဒီ ရူးသွပ်မှု ကိုပဲ ကိုယ့်ဘဝထဲ တွယ်တွယ် မက်မက် ထည့်ပြီး သွားလေရာ ထည့်ထားမိ မှာပါပဲ။

ချစ်တဲ့ အကြောင်းကို ကဗျာတွေ ဖွဲ့ပြနေဖို့ မလိုဘူး။ စီကာပတ်ကုံး လျှောက်ပြောနေဖို့ မလိုဘူး။ ရိုးရိုးသားသား လေးပဲ ချစ်တဲ့စိတ်နဲ့ အချစ်အရာ မြောက်ပါတယ်။ ဒါဟာ သိပ်ရိုးရှင်းတယ်။ တပြိုင်တည်း မှာပဲ ဘယ်သူမှ လိုက်မမှီ နိုင်တဲ့ ဆန်းကြယ်မှုတစ်ခု ဖြစ်နေ ခဲ့ပြန်ရော။ ဒါ့ကြောင့်လည်း ဘယ်လို နောက်ဆုံးပေါ်  မှန်သမျှ၊ ဆန်းသစ်မှု မှန်သမျှကိုမှ မကြောက်တတ်တဲ့ အချစ်ရဲ့ ဂုဏ်ဒြပ် ဖြစ်နေခဲ့ ပြန်တယ်။

တကယ့် အချစ်စစ်ဟာ စိုးရိမ်စိတ် ခပ်များများ ပါဝင်တဲ့ ပူပင် ကြောင့်ကြမှု တစ်ခုလည်း ဖြစ်နေ ပါသေးတယ်။ လိုချင်တဲ့ အချစ်ကို မရခင်က စိုးရိမ် ကြသလို၊ ချစ်ကြပြန်ပြီ ဆိုတော့လည်း ခွဲခွာခြင်း ဆိုတဲ့ ကန့်လန့်ကာကြီးကို ကြောက်ရွံ့ရ ပြန်ပါတယ်။ အချစ်ဆိုတဲ့ အရာဟာ တစ်ခါတလေ စကားလုံးပေါင်း များစွာနဲ့ တည်မှီ တာတောင် မပြည့်စုံပါဘူး။ တစ်ခါတစ်ခါ ကျပြန်တော့လည်း ဘာမှ ပြောစရာ မရှိလောက်အောင်ကို စကားလုံး နည်းပါး နေတတ် ခဲ့ပါတယ်။

အချစ်ဆိုတာ.. နတ်ဘုရား၊ စေတန်၊ မနက်ဖြန်၊ လက်ကိုင်ပဝါ၊ စကားလုံး၊ အရာရာ ဘာမဆို ဖြစ်နေ နိုင်ပါတယ်။ အဲဒီတော့လည်း ကိုယ်တို့ အားလုံး အဲဒီ မဆုံးနိုင်တဲ့ မျက်လှည့်ပွဲ အောက်မှာပဲ ပြန်လှည့် ထွက်လို့ မရအောင် ပြန်မထွက် ချင်အောင် ရူးသွပ် စိမ်းလန်း နေခဲ့ကြတာ မဆန်းပြားလှ တော့ပါဘူးကွယ်။

 

သူရဿဝါ
၀၁ - မေ - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment