Wednesday, March 12, 2008

ဆယ်ခုမြောက် လေးရက်နေ့


ခိုင်ခိုင်မြဲမြဲ တွဲမထားနိုင်တဲ့ ချစ်ခြင်းတွေ ပြိုကွဲတဲ့ အခါမှာ စွဲလမ်း တွယ်ရစ်တဲ့ သူက အရှုံးပဲ။ လူချင်း ယှဉ်မကြည့်ရဲအောင် ရှုံးတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒီ တွယ်မှီ စွဲလမ်းမှုကို ပြန်တွေးတိုင်း ခံစားရတာကို အရှုံးလို့ သတ်မှတ်တာပါ။

 

ရှုံးခဲ့တယ်.. 

ရှုံးခဲ့ဖူးတယ်..

ကိုယ့်ဖြစ်တည်မှုကို ကိုယ် အပြိုလဲ ခံပြီးတော့ကို ရှုံးနိမ့်ခဲ့ ရတာပါ။ ပြီးခဲ့တဲ့ ၄ ရက်နေ့ မနက် အစောပိုင်း သုံးနာရီ လောက်မှာ အနည်ထိုင်စ ပြုနေတဲ့ အတိတ်ဟာ စိတ်ထဲမှာ ပြန်ပြီး လှုပ်ခတ်လာ ခဲ့တယ်။

စက္ကူငှက်ရုပ်တွေ..

အပြန်အလှန် စာတိုပေစတွေ

ကဗျာတွေ..

မိုးသည်းသည်းနေ့ရက်တွေ..

စိတ်ထဲမှာ တမြေ့မြေ့ ကြေကွဲ လာတယ်။ သိပ်ငိုချင်တယ်။ ပြီးတော့ သိပ်ကြိုက်တဲ့ ကဗျာလေး တစ်ပိုင်းတစကို ငေးငေးရီရီ ရွတ်ရင်း တနင့်နင့် ခံစားရတယ်။

 

အထီးကျန် ဝေးကွာမှုသီချင်း
လေနဲ့အတူ လေနေတဲ့စိတ်
ရင်ထဲ ဟာသွားတဲ့နေရာမှာ

ဘာမှ အစားထိုး၍မရ
ပန်းနီလေးပွင့်တာကအစ ငေးကြည့်

ငိုချင်တယ်..
အထီးကျန်။

- တိုးနှောင်မိုး -

ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းချုပ်လို့ မရခဲ့တဲ့ ပြင်းပြင်းထန်ထန် ခံစားမှု အောက်မှာ သူ့ဓာတ်ပုံ လေးကို တစိမ့်စိမ့် ထိုင်ကြည့် နေရုံပဲ တတ်နိုင်ခဲ့တယ်။ မျက်ရည်တွေ ဝဲနေမိသလား မသိဘူး။ အဲဒီ ဓာတ်ပုံလေးကို Photo ထဲမှာ သွားပြီး Upload လုပ်နေမိတယ်။ အပြိုပြို အလဲလဲ အမှတ်တရ တွေကို သူငယ်ချင်း တွေဆီ မျှဝေ ရင်ဖွင့်ချင် မိတာလား။ Title မှာလည်း ရင်ဘတ် အက်ကြောင်း ထဲက စကားတွေကို ဖွင့်ထုတ် ရေးချနေ ခဲ့မိတယ်။ မျက်စိရှေ့မှာ အမြဲ မြင်ချင် နေခဲ့တဲ့ မျက်လုံး ဝိုင်းဝိုင်းလေး၊ ဖူးအာအာ နှုတ်ခမ်းလေး၊ ဆက်ပြီး ငေးကြည့်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘယ်လိုမှ သည်းမခံနိုင် လောက်တဲ့ နှလုံးသည်းခြေ ပျက်ယွင်းမှုကို ကျော်လွှားဖို့ အင်အား မရှိတော့ တဲ့အဆုံး အိပ်ရာ ပေါ်ကိုပဲ ခြေပစ်လက်ပစ် လှဲချလိုက်တယ်။

ခဏတာ အိပ်စက်ခြင်း နဲ့အတူ ငါ့ရဲ့ ဒဏ်ရာတွေပါ ထာဝရ ပျောက်ကွယ် ပါစေတော့။ မနက် ပြန်ထဖို့ အတွက် နာရီကို ကြည့်လိုက်တယ်.. အမှတ်မထင် ပါပဲ။ သုံးနာရီ လေးဆယ့်ခြောက် မိနစ်.. အင်္ဂါနေ့.. သုံးလပိုင်းလေးရက်။ လေးရက်နေ့.. လေးရက်နေ့.. ဟာ.. ဘယ်လောက် အကျအရှုံး များတဲ့ တိုက်ဆိုင်မှု မျိုးလဲကွာ.. လေးရက်နေ့.. မိုးသည်းသည်းကြွေ နေ့ရက်တွေထဲက ပျော်ခဲ့ဖူးတဲ့ လေးရက်နေ့.. သူ့လက်ဖဝါးလေးပေါ် အချစ်တွေ တရားဝင် အုပ်မိုးထားခွင့် ရခဲ့တဲ့ လေးရက်နေ့.. အဲဒီလို မိုးရေတွေ အောက်မှာပဲ သူ့ကျောပြင် လေးကို ကြေကြေကွဲကွဲ ရပ်ကြည့်နေ ခဲ့ရတဲ့ လေးရက်နေ့.. မေလ လေးရက်နေ့..

အမှတ်တရပေါင်း များစွာ၊ ကြွေပျက် ထိရှခြင်း များစွာ၊ ထည့်သို လှောင်ပိတ် ခဲ့ရတဲ့ လေးရက်နေ့ မှာမှ သူ့ကိုပြန်ပြီး သတိတွေ ရနေခဲ့ တာတဲ့လား။ သူ့ပုံလေးကို ဝေသီ မှုန်မှိုင်းစွာ ထိုင်ကြည့် နေခဲ့မိတာ တဲ့လား။ အဲဒီ လေးရက်နေ့ ဒဏ်ရာပြပွဲကို သူငယ်ချင်း တွေဆီ ရင်ဖွင့်မျှဝေ နေခဲ့တာ တဲ့လား။ တွယ်ယှက် ခိုင်မြဲနေတဲ့ ရင်ခွင် နှစ်ခုပေါ်ကို မိုးကြိုး လျှပ်စီးတွေ ထက်ခြမ်း ခွဲစိတ် ပစ်ခဲ့တာ ဆယ်လတင်းတင်း ပြည့်တဲ့နေ့။ အရှုံးတွေ.. အမုန်းတွေ.. ခါးခါးသီးသီး လေးရက်နေ့တွေ.. နောက်ထပ် ဘယ်နှစ်ကြိမ် ခါးစည်းခံ ရဦးမလဲ။ မျက်ရည်စပေါင်း ဘယ်လောက် များများကို ဆက်ပြီး ရင်းနှီးရ ဦးမှာလဲ.. .. ငါ.. ပျော့ညံ့ သွားတာလား.. ဒါမှမဟုတ် အရေထူ သွားတာလား။

ဘာပဲဖြစ်ဖြစ် ငါဆက်ပြီး ရင်ကွဲခံဦးမယ်။ ငါ့ဒဏ်ရာတွေကို ငါပြန်ကြည့်ဦးမယ်။ ဓာတ်ပုံ အယ်လ်ဘမ်လေးကို ပြန်ယူလိုက်တယ်.. .. တစ်ပုံချင်း ပြန်ရှာတယ်။ ဟုတ်တယ်.. ဒါ.. .. ငါ မြင်နေကျ နှုတ်ခမ်း ဖူးဖူးလေး.. ငါ အမြတ်တနိုး ထားတဲ့ မျက်လုံး ပြူးပြူးလေး။ မနက်ဖြန် ဘာလုပ် ရမလဲ မသိသေးဘူး။ အဲဒီရဲ့ နောက်ရက်တွေ ကျရင် ငါဘာဖြစ် နေမလဲ ငါမသိဘူး.. မတွေးချင် တော့ဘူး။ ခုချိန်မှာတော့ အဲဒီ ဓာတ်ပုံလေးနားမှာ ငါဆက်ရှိနေမယ်။ ငါ အကြေကွဲခံမယ်.. ငါ့ဒဏ်ရာကို ငါကိုယ်တိုင် ပြန်ပြီး တူးဖော်မယ်။

 

နောက်ထပ်တစ်နာရီ..

ဒါမှမဟုတ်.. နှစ်နာရီ..

သုံးနာရီ..

ပူအိုက် လောင်မြိုက်နေတဲ့ အခန်းထဲမှာ နာရီသံက တချက်ချက် မြည်နေတယ်။ တုန်ယင် နေတဲ့ လက်ဖဝါးပေါ်မှာ ဓာတ်ပုံလေး တစ်ပုံရှိတယ်။ အဲဒီ ဓာတ်ပုံပေါ်ကို ထိုးကျနေတဲ့ ကြေကြေကွဲကွဲ မျက်လုံးထဲက အလင်း ပြန်ခြင်းတွေ ရှိတယ်။ မျက်နှာ အနေအထားကို ခန့်မှန်းလို့ မရတဲ့ အမှောင်ထဲက လူငယ် တစ်ယောက် ရှိတယ်။ ငိုချင်လည်း ငိုနေလိမ့်မယ်။ အဲဒီ တလျောက်လုံး မှာလည်း နာရီ လက်တံက တချက်ချက်နဲ့ ခြောက်ခြောက်ခြားခြား ရွေ့လျား နေလိမ့်မယ်။ ရုပ်ရှင် ပြကွက် မဟုတ်တဲ့ အပြင်လောက ထဲက ဆက်တင် တစ်ကွက်။

 

မနက်လေးနာရီ ဆယ့်ခြောက်မိနစ်

အင်္ဂါနေ့..

မတ်လ (၄)ရက်နေ့..

မကြာခင် ရောက်လာ တော့မယ့် အရုဏ်ဦး အလင်းပွင့် တွေကို ခုခံဖီဆန် နေတဲ့ စုန်းနစ် မှောင်မဲမှုတွေ အောက်မှာ..  နာရီသံက တချက်ချက် ရွေ့လျား.. ပြီးခဲ့တဲ့.. ပြီးခဲ့သမျှ တွေကို ဝါးမြို နေခဲ့တယ်။

 

သူရဿဝါ
၁၂ - မာ့ချ် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment