ကြိုက်နှစ်သက်မိတဲ့ ကဗျာတွေ ထဲကမှ ဒီတခါ ကဗျာဆရာမ Carolyn Cahalan ရဲ့ Sixteen ဆိုတဲ့ ကဗျာလေးကို ပြန်ပြီး တင်ပြပါမယ်။ ပြီးရင် ကျွန်တော့်ရဲ့ ဒီကဗျာအပေါ် ထင်မြင်ချက်နဲ့ ကဗျာ အကြောင်းကို ကျွန်တော် ချဉ်းကပ် မိတဲ့အတိုင်း ရေးပါ့မယ်။ ခုလောလောဆယ် ကဗျာလေးကို အရင် ဖတ်ကြည့် ရအောင်ပါ။
SIXTEEN
Sees and
laughs,
Listens and sighs,
Sleeps and eats,
Aches and cries,
Babbles and thinks,
Loves and hates,
Stretchs, lives
And hopefully waits.
ဒီကဗျာမှာ ကဗျာဆရာမ Carolyn Cahalan က ဆယ့်ခြောက်နှစ် အရွယ် မြီးကောင်ပေါက် လေးရဲ့ အကြောင်းကို ဖော်ပြ ရေးသား ထားပါတယ်။ သရုပ်ဖော် အရေးအသား ဖြစ်တဲ့ Descriptive Poem တစ်ပုဒ် ဖြစ်ပါတယ်။ ပိုင်းခြား လေ့လာနိုင်စွမ်း ကောင်းတဲ့ ဒီကဗျာ ဆရာမဟာ ဆယ့်ခြောက်နှစ် အရွယ် အပျိုပေါက်လေး (ဒါမှမဟုတ်) လူပျိုပေါက် လေးရဲ့ စရိုက် လက္ခဏာကို ဖော်ထုတ်ပြီး ရေးပြတာပါ။ ကဗျာ တစ်ပုဒ်လုံးကို ဝါကျ တစ်ကြောင်းတည်း ရေးထား တာကတော့ ဒီကဗျာရဲ့ ထူးခြားမှု တစ်ရပ် ဖြစ်ပါတယ်။ တိုတောင်း ရိုးရှင်းပေမယ့် အဓိပ္ပာယ် ပြည့်ဝတဲ့ Sixteen ကို ကျွန်တော် နဲ့အတူ ခံစားစီးမျော ကြရအောင်။
သူ (ဆယ့်ခြောက်နှစ်သား) ဟာ အရာရာကို သာယာကြည်စင်တဲ့ အမြင်နဲ့ ကြည့်တယ်။ အကောင်း မြင်တတ်တဲ့ မျက်လုံးနဲ့ ကျေနပ် ရောင့်ရဲစွာ ကြည့်တယ်။ ပျော်ရွှင်စရာ ရှိတဲ့အခါ ဟန်ဆောင် ပန်ဆောင် အမူအယာ မလုပ်ဘဲ လှိုက်လှဲ ဟက်ပက်စွာ ရယ်မောမယ်။ အသံဗလံ မျိုးစုံကို သူလက်ခံ နားထောင် လိမ့်မယ်။ ခေတ်ပေါ် သီချင်း တစ်ပုဒ် ဖြစ်စေ၊ သူများတွေ ပြောတဲ့ စကားကို ဖြစ်စေ၊ မိဘဆရာ တွေရဲ့ စကားကို ဖြစ်စေ၊ တစ်ခုခုကိုပေါ့။ ဘာကိုပဲဖြစ်ဖြစ်.. သူ ရိုးသားစွာ နားထောင် ပါလိမ့်မယ်။ တစ်ခါတလေ အခန့်မသင့်တဲ့ အဖြစ်အပျက်တွေ ကြားထဲ ရောက်နေ တဲ့အခါ၊ လေးလံ မောပန်းတဲ့ အတွေးတွေရဲ့ ဖိနှိပ်ခြင်းကို ခံရတဲ့အခါ သူ သက်ပြင်းမော တစ်ခုချမယ်။ အိပ်စက်ခြင်းနဲ့ အစားအသောက် ဆိုတာ သူနှစ်သက်တဲ့ အရာတွေ ဖြစ်တယ်။ ရုပ်ပိုင်း ဆိုင်ရာ ဖျားနာခြင်း သာမက စိတ်ပိုင်းဆိုင်ရာက ပေးတဲ့ နှလုံးသား ပြဿနာ ဟာလည်း တစ်ခါတရံမှာ သူ့ကို နာကျင်ကြေကွဲ စေလိမ့်မယ်။ ဒါဟာ မြီးကောင်ပေါက် လေးရဲ့ မရင့်ကျက် နိုင်သေးသော ထိရှ လွယ်မှုကြောင့် ဖြစ်တယ်။ အဲဒီအခါမှာ သူအတုယူ လေးစားရတဲ့ သူတွေ ကအစ သူ့ရဲ့ မိဘတွေအဆုံး အားလုံးက ငါ့ကို ချစ်ကြတာ မဟုတ်ဘူးလို့ သူဝမ်းနည်းစွာ တွေးနေ တတ်တယ်။
သူဟာ လူသူပရိသတ် အလယ်မှာ၊ သူ့အပေါင်းအသင်း တွေကြားမှာ ဂရုစိုက် ခံရတဲ့သူ၊ ထင်ပေါ် ကျော်ကြားချင်သူ တစ်ယောက်လည်း ဖြစ်နေပြန်တယ်။ တကယ်တော့ သူဟာ ငိုလွယ် ရယ်လွယ်သော အရွယ်ရောက်စ ကလေး တစ်ယောက်သာ ဖြစ်တယ်။ တစ်ခါတရံမှာ အကျိုး တစ်စုံတရာ မရှိတဲ့ စကားတွေကို တတွတ်တွတ် ရွတ်ဆိုချင် ဆိုမယ်။ လေးနက်မှု မရှိတဲ့ အတွေး တွေကို တောင်စဉ် ရေမရ လျှောက်တွေးချင် တွေးနေမယ်။ အဲဒီအတွေး တွေကပဲ အရမ်းကို ကြီးကျယ် ခမ်းနားတဲ့ စိတ်ကူးတွေ ဖြစ်တယ်လို့ သူကတော့ ယုံကြည်တယ်။ သူငယ်ချင်း မိဘတွေကို ပြင်းထန် နက်ရှိုင်းစွာ ချစ်သလောက် ကြွားဝါ မြည်တွန်သူ တွေကို မုန်းတီးတယ်။ တချိန်မှာ “ငါ ဘာဖြစ်ရမယ်” ဆိုပြီး သူ စိတ်ကူးယဉ်တယ်။ သူဟာ မျှော်လင့်ချက် တွေကို ဝင်သက် နဲ့အတူ ရှူသွင်းပြီး နေထိုင်ကြီးပြင်း လာလိမ့်မယ်။ တကယ်တော့ အဲဒီ ဆယ့်ခြောက်နှစ် အရွယ် လူသား လေးဟာ သူ့ရဲ့ အမူအကျင့် တွေကို တလှည့်စီ ပြုမူရင်း “တနေ့နေ့မှာ” ဆိုတဲ့ မျှော်လင့်ချက်ကို စောင့်စား နေတာပဲ ဖြစ်ပါတော့တယ်။
၀၄ - မာ့ချ် - ၂၀၀၈
Image source; Images.google.com
ဖတ္မရဘူး
ReplyDeleteစာတေဖက်မရဝူး..😢😢
ReplyDeleteစာတေဖက်မရဝူး..😢😢
ReplyDeleteGreat job
ReplyDeleteI love this paraphrasing. It helps me understand more abt the poem💛
ReplyDeleteIwant to read
ReplyDelete