Monday, March 31, 2008

မျှော်လင့်ချက်တွေ မိုးလိုရွာမယ့်နေ့


“မိန်းကလေး တစ်ယောက်ကို ချစ်မိရင်” တဲ့။ စိုင်းစိုင်းခမ်းလှိုင် သီချင်းကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် တွေးနေမိတာ။ ကိုယ်ထုတ်တဲ့ မေးခွန်း ကိုယ်ပြန်ဖြေ တာတောင် အောင်မှတ် မရဘူး ဆိုတော့လည်း ခက်တယ်။ ပြီးတော့ အချစ်ကို အယုံအကြည် မရှိဘူးလို့ ကြွေးကြော် နေတဲ့ကောင် ကျမှ သမာရိုးကျတောင် မဟုတ်တဲ့၊ ဝတ္ထု ဇာတ်လမ်းထဲက ပလော့ (Plot) တစ်ခုလို ဘယ်လိုမှ ယုံချင်စရာ မကောင်းတဲ့ အချစ်မျိုးနဲ့ တည့်တည့် တိုးမိတာ ကလည်း ရယ်ချင်စရာ ကောင်းနေ တာပါပဲ။

ကျွန်တော် ချစ်တယ် (လို့ထင်တဲ့ ) မိန်းကလေးနဲ့ ကျွန်တော် အပြင်မှာ တစ်ခါမှ မကြုံဖူး ပါဘူး။ သူ့ဓာတ်ပုံ မြင်ဖူးပါတယ်။ သူနဲ့ အွန်လိုင်း ပေါ်မှာ တွေ့တယ်။ ဖုန်းနဲ့ စကားပြော ဖြစ်ပါတယ်။ ပိုဆိုးတာက ဖုန်းပြောဖြစ် ကြတာတောင် (မရှက်တမ်း ပြောရရင်) တစ်ပတ်မပြည့် သေးပါဘူး။ ကံဆိုး ချင်တာလား၊ ကံကောင်း ချင်တာလား မသိတဲ့ ငမိုက်သား ကလည်း သူ့အသံလှိုင်း ကိုမှ ချစ်မိသွား ပါတယ်တဲ့။ ပထမဆုံး ဖုန်းပြောဖြစ်တဲ့ ညမှာတင်ပဲ ငှက်ပေါက်စလေး တစ်ကောင်လို အသံမျိုး ပိုင်ဆိုင်တဲ့၊ ကလေး တစ်ယောက် စကား မပီသလို အသံနဲ့ စကား ပြောတတ်တဲ့၊ တစ်ခါတလေ သူစိတ်လို လက်ရရှိရင် စာကလေး တစ်ကောင်လို အသံမျိုးနဲ့ Sparrow သီချင်း ဆိုပြ တတ်တဲ့ အဲဒီ ကောင်မလေးရဲ့ အသံကို စွဲလမ်း သွားခဲ့တာ ပါပဲ။ ကဲ.. မြင်မြင်ချင်း အချစ်တောင် မယုံပါဘူး ဆိုတဲ့ကောင်က အသံပဲ ကြားရတဲ့ မိန်းကလေးကို ချစ်မိပါတယ် ဆိုတဲ့ အဖြစ်က တော်ရုံတန်ရုံ လွဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ကြံကြံဖန်ဖန် ပြောရရင်တော့ အချစ်မှာ မျက်စိ မရှိဘူး ဆိုတဲ့ အဆိုအမိန့်ကို ပြောခဲ့တဲ့ သူဟာ အချစ်မှာ နားရွက်လည်း မရှိပါဘူးလို့ ဖြည့်စွက်ပေးခဲ့ သင့်တယ်လို့ ကျွန်တော် ထင်နေမိတာပဲ။

အံ့ဩစရာ ကောင်းတာက အဲဒီည ဖုန်းပြောဖြစ်ပြီး နောက်တစ်နေ့ မှာလည်း သူနဲ့ ဖုန်းပြောချင် နေမိတာ၊ သူ့ကို အချိန်ပြည့်နီးပါး သတိရ နေမိတာ ပါပဲ။ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက် ဖြစ်လာတဲ့ အခါကျတော့ ဆေးစွဲတဲ့ ဆေးသမားလို ဖြစ်လာတယ်။ ချစ်နေမိလား ဆိုတဲ့ အမေးက ခဏခဏ ပေါ်လာသလို ချစ်နေမိတယ် ဆိုတဲ့ အဖြေပဲ ထပ်ခါထပ်ခါ ပြန်ထွက် လာတယ်။ ချစ်မိတဲ့အခါ အလိုလို နေရင်း စိတ်တို တတ်သလား၊ ထိရှ လွယ်သလား မသိဘူး။ တစ်ခါတလေ သူက သူ့ရည်းစားဟောင်း အကြောင်း ကျွန်တော့်ကို လာပြောပြရင် အဲဒါတွေ လာမပြောနဲ့လို့ ဒေါသဖြစ်ပြီး မနာလိုမှုနဲ့ ကျွန်တော် အော်မိတတ် ပါတယ်။ သူကတော့ ရယ်နေ တာပါပဲ။ ကျွန်တော် သူ့ကို နောက်နေတယ် ထင်လို့ ရယ်နေတာပဲ ဖြစ်နိုင်ပါတယ်။ သေချာတဲ့ အရာ ကိုတောင်မှ ဟုတ်ရော ဟုတ်ပါ့မလားလို့ တွေးပူတတ်တဲ့ မိန်းကလေး တွေရဲ့ စိတ်မျိုးနဲ့ ဆိုတော့လည်း ကျွန်တော့် စကားဟာ ၂၁ ရာစု နောက်ပိုင်း ကမ္ဘာ့ အကောင်းဆုံး ပြက်လုံးတစ်ခု လို့တောင် သူထင်နေ မှာပါပဲ။

ကျွန်တော် စဉ်းစား ကြည့်မိတယ်။ ခုချိန်မှာ သူ့ကို ချစ်ပါတယ်လို့ ကျွန်တော် ပြောလိုက်ရင် သူ့ဖက်က တုန့်ပြန်မှုက ဘယ်လိုရှိမလဲ။ ဖြစ်နိုင်ခြေ များတာ ကတော့ ခုနက ပြောသလို ဟားတိုက် ရယ်မော နေမှာက လွဲလို့ တခြားဘာမှ ဖြစ်နိုင်မယ် မထင်ပါဘူး။ သူ့ဘက်က တွေးတော့လည်း မှန်နေမှာပါပဲ။ သူ့ကို တခါမှ အပြင်မှာ မမြင်ဖူးတဲ့ ယောက်ျားလေး တစ်ယောက် ဆီက ချစ်တယ် ဆိုတဲ့ စကားကို ဘယ်လို ယုံကြည်မှုမျိုးနဲ့ သူလက်ခံ မှာလဲ။ ပိုဆိုးတာက ကျွန်တော့်လို အမြဲတမ်း နောက်ပြောင် နေတတ်တဲ့ ကောင်ရဲ့ စကားဟာ ခုတစ်ခါလည်း နောက်ပြောင်မှု တစ်ခုပဲ ဖြစ်နေ လိမ့်မယ်လို့ သူ ယူဆချင် ယူဆပါလိမ့်မယ်။ ကျွန်တော် စိုးရိမ်တာ ကလည်း အဲဒါပါပဲ။ နောက်တဆင့် တက်ပြီး စဉ်းစား ကြည့်တော့လည်း ကျွန်တော် အတည် ပြောနေတယ် ဆိုတာကို သူလက်ခံ သွားပြီ ဆိုပါစို့။ ကျွန်တော့်ကို စိတ်ဆိုးပြီး အဆက်အသွယ် ဖြတ်ပစ် လိုက်မလား ဆိုတာကလည်း ကျွန်တော် ခုထိ တွန့်ဆုတ် တွေဝေနေရတဲ့ အကြောင်းရင်း တစ်ချက်ပါ။ ကျွန်တော် အပေါ်မှာ ပြောခဲ့တာ တွေထက် စိုးရိမ်မိတဲ့ အစိုးရိမ်ဆုံး အချက်ကတော့ သူ့ကိုယ်သူ အပြစ်တင် သွားမှာကို ပါပဲ။ ကျွန်တော်နဲ့ ညတိုင်း ဖုန်းပြော နေမိလို့ ကျွန်တော့်ကို မျှော်လင့်ချက် တွေများ ပေးနေ မိသလား ဆိုပြီး သူ့ကိုယ်သူ အပြစ်တင် နေမှာကို ကျွန်တော် အကြောက်ဆုံး ပါပဲ။

ဒီအကြောင်းကို ထပ်ပြီး ရေးပြနေလည်း ကျွန်တော်တင် မကဘူး။ ဖတ်တဲ့သူ တွေပါ စိတ်ရှုပ် သွားနိုင်တဲ့ အတွက် ရပ်လိုက် ပါတော့မယ်။ ကျွန်တော့်ဖက်က ခုလောလောဆယ် လုပ်နိုင်တာ ကတော့ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော် ချစ်တယ် ဆိုတာကို သူယုံလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ထိုင်စဉ်းစား နေရုံကလွဲပြီး ဘယ်လို စကားမျိုးမှ မပြောသေးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ မျှော်လင့်ချက်တွေ မိုးလို ရွာမယ့်နေ့ကို ကျွန်တော် စောင့်ပါမယ်။ သူ့ကို အတတ်နိုင်ဆုံး ပျော်အောင် ထားမယ်။ အတတ်နိုင်ဆုံး ဂရုစိုက်မယ်။

မျှော်လင့်ချက်တွေ မိုးလိုရွာမယ့် နေ့ကို ကျွန်တော် မျှော်လင့် နေပါမယ်။ သူ့စိတ်ထဲ မှာလည်း ကျွန်တော့် အတွက် နေရာ အတော်များများ ရှိလာပြီ ဆိုတဲ့ တနေ့.. ကျွန်တော့် စိတ်မှာလည်း အချိန် တန်ပြီလို့ ထင်တဲ့ တနေ့.. ကျွန်တော် ကံကောင်းမယ် ဆိုရင်တော့ ကျွန်တော် စောင့်နေတဲ့ မျှော်လင့်ချက်တွေ.. မိုးလိုပဲ ညင်းညင်းစွေစွေ ရွာလာ ပါလိမ့်မယ်။

 

သူရဿဝါ
၃၁ - မာ့ချ် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment