Wednesday, February 13, 2008

ချစ်သူတွေအတွက် A to Z


ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာလေး တစ်ပုဒ်ကို ပြန်ပြီး ဖော်ပြချင် ပါတယ်။ ချစ်သူတွေ အတွက် A to Z ရေးပြ ထားတာပါ။ ကျွန်တော့်ရဲ့ အမြင်လေးတွေ ကိုလည်း ရေးချပေး လိုက်ပါတယ်။

 

A- Absolutely adove each other

ချစ်သူ နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် အပြည့်အဝ မြတ်နိုး ခင်တွယ် ကြဖို့ လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့ စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင် မှာပေါ့လေ။

 B- Be best of friends

အကောင်းဆုံး မိတ်တွေတွေ ဖြစ်နေကြဖို့ လိုတယ်လို့ ပြောထား ပါတယ်။ ဟုတ်ပါရဲ့.. ဒါမှလည်း တစ်ယောက်ကို တစ်ယောက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် သဘောထားရင်း ပိုပြီး ခင်တွယ်လာ ကြပါလိမ့်မယ်။

 C- Comprise

အစစ အရာရာ ကျေအေးပေး ကြပါတဲ့။ ဟုတ်ပါတယ်။ ကောင်လေးက ဘီယာသောက် လာရင်လည်း ကောင်မလေးက သိပ်ပြီး ဆူပူမနေ သင့်သလို ကောင်မလေးက ဆူပူ နေရင်လည်း ကောင်လေးက ခွင့်လွှတ်ပြီး နားလည်ပေး သင့်ပါတယ်။

 D- Discover new things

အသစ်အဆန်းတွေ ရှာဖွေ ကြည့်ကြပါ ဆိုပဲ။ အဲဒါကတော့ ကျွန်တော် မပြောလည်း ခင်ဗျားတို့ သဘော ပေါက်ပြီးသား ဖြစ်မှာပါနော်။ များများသာ တွေ့အောင် ရှာကြပေါ့။ သစ်လေ ကောင်းလေ။

 E- Encourage each other

တစ်ယောက်နဲ့ တစ်ယောက် အားပေး ကြပေါ့လို့ စာရေးသူက ပြောပါတယ်။ ကျွန်တော့် အမြင်ကလည်း တစ်ယောက်ရဲ့ အားပေးခြင်းဟာ ကျန်တစ်ယောက် အတွက် အမြင့်ဆုံး ဆုလာဘ် ဖြစ်နေ နိုင်တယ်လို့ ထင်တာပါပဲ။

 F- Forgive and forget

ခွင့်လွှတ်ပြီး မေ့မေ့ ပျောက်ပျောက် နေကြတဲ့။ ဟုတ်နေပြန် ပါရောလား။ ဘာဖြစ်ဖြစ် ခွင့်လွှတ် ပေးနိုင်တဲ့ ချစ်သူကို ဘယ်သူကများ မချစ်ဘဲ၊ မလေးစားဘဲ နေနိုင် မှာတဲ့လဲ။ ချစ်သူတွေရဲ့ တည်မြဲကြောင်း တရားတွေပါပဲ။

 G- Goze with each other eyes

ဒီတခါတော့ စာရေးသူက တစ်ယောက် မျက်လုံးကို တစ်ယောက် စူးစိုက်ကြည့်ရှု ကြပါတဲ့။ ကိုယ် ချစ်မြတ် သူလေးရဲ့ မျက်ဝန်း ညိုညိုထဲက ခင်ဗျားအပေါ် သင်းပျံ့ခြင်းတွေကို ခင်ဗျား ရှာကြည့် သင့်တယ်လို့ ကျွန်တော်လည်း ထင်ပါတယ်။

 H- Hold hands and hug alots

လက်ကို ကိုင်ဆွဲပြီး အပြည့်အဝ ပွေ့ဖက်ထား ကြပေါ့တဲ့။ ချစ်သူရဲ့ လက်ဖဝါးကို နူးညံ့စွာ ဆုပ်ကိုင် ထားရတဲ့ ခဏဟာ ဘဝရဲ့ အသင်းပျံ့ဆုံး အချိန်တွေ ဖြစ်ဖူးကြ ပါလိမ့်မယ်။ အဲဒီ အဆိုကို ခင်ဗျားလည်း နူးနူးညွတ်ညွတ် လက်ခံချင် မှာပါနော်။

 I- Inspire and intrigue each other

စာရေးသူ ပြောချင်တာက အားပေးစရာရှိရင် အားပေး၊ လျှို့ဝှက်စရာ ရှိရင် လျှို့ဝှက်ကြ ဖို့ပါတဲ့။ အသက်နဲ့ ထပ်တူ ချစ်ကြည်ရ သူလေးရဲ့ အားပေးမှုမှာ ခင်ဗျား ဘယ်နှစ်ကြိမ်များ ပျော်ဝင်ခဲ့ ဖူးပါသလဲ။ ဒီလိုပါပဲ.. ချစ်သူရဲ့ စိတ်ဆင်းရဲမှုကို မမြင်ချင် တဲ့အခါ ကိုယ့်ရဲ့ ညစ်ညူး နောက်ကျိစရာ အကြောင်းတွေကို ချစ်သူ မသိအောင် လျှို့ဝှက်ထား သင့်ပါတယ်။

 J- Joke and laugh and have fun

ပြက်လုံး ထုတ်ပြီး ရယ်ကြ မောကြ၊ ပျော်ပျော်ရွှင်ရွှင် နေကြပါ ဆိုပဲ။ ချစ်သူ့ နှုတ်ခမ်းက ပွင့်အံလာမယ့် ရယ်သံလွင်လွင် လေးကို ကြားရဖို့ ခင်ဗျားလည်း လူရွှင်တော်တစ်ဦး ဖြစ်ဖူးခဲ့ ပါလိမ့်မယ်။ အဲဒီ အခိုက်အတန့်လေးရဲ့ ပျော်ရွှင်မှုဟာ ခင်ဗျားတို့ရဲ့ ချစ်စံအိမ် လေးမှာ သာယာ နာပျော် စရာတွေ အပြည့် စိုက်ထူဖို့ ပထမဆုံး အုတ်တစ်ချပ်လည်း ဖြစ်နေ နိုင်ပါတယ်။

 K- Kiss, kiss, kiss

စာရေးဆရာက K ကိုတော့ အရှင်းဆုံး ဖွင့်ပြ ထားပါတယ်။ ရိုးရှင်းပေမယ့် နက်ရှိုင်းတဲ့၊ လှပတဲ့ ဖော်ဆောင်မှုပါ။ နမ်း..  နမ်းပြီးရင်း နမ်း.. နမ်း.. နမ်းပါတဲ့။ ကဲ.. ခင်ဗျားကရော...။

 L- Love with all heart

အသည်း နှလုံးထဲက သိမ်းကျုံးပြီး ချစ်ကြပါတဲ့။ အထွေအထူး မှတ်ချက်ပြုစရာ မလိုတဲ့ သုံးနှုန်းမှု ပါပဲ။ တစ်ယောက်ရဲ့ စိတ်ဟာ ကျန်တစ်ယောက် အတွက် အရိပ်ဖြစ်ပြီ ဆိုရင် အရာရာ ပြည့်စုံ စိမ်းလန်းနေ ပါလိမ့်မယ်။

 M- Marvel at each other's heart

တစ်ယောက် အရည်အချင်းကို တစ်ယောက် အံ့ဩပြ လိုက်ပါတဲ့။ ဟုတ်ပါတယ်။ တစ်ယောက်ရဲ့ အရည်အသွေးကို တစ်ယောက် အပြန်အလှန် အံ့ဩ ချီးကျူးပြခြင်း ဟာလည်း ရှိသင့်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

 N- Nature each other's soul

တစ်ယောက် စိတ်ကိုလည်း တစ်ယောက် ဂရုစိုက် ကြပါတဲ့။ ချစ်သူရဲ့ ဝမ်းသာမှု၊ ပျော်ရွှင်မှု၊ အမှတ်တရ.. သူ့စိတ်ထဲက အရာရာကို ခင်ဗျား ဂရုတစိုက် ရှိနေ သင့်တာပေါ့။

 O- Overcome problems together

ဒီတခါတော့ ပြဿနာ အပေါင်းကို အောင်မြင်ပြလိုက် ကြပါတဲ့။ ဘာပြဿနာ တွေကိုပဲ ဖြစ်ဖြစ် ခင်ဗျားတို့ နှစ်ယောက် ပေါင်းပြီး အချစ်တွေနဲ့ အုတ်တံတိုင်းလို ကြံ့ကြံ့ခံထား ကြပေါ့နော်။

 P- Play games

အားလပ်တဲ့ အခါမှာတော့ ဆော့ကစား ကြပေါ့နော်။ ခင်ဗျားနဲ့ ခင်ဗျားချစ်သူ ကြားက ကြည်နူးစရာ ကစားနည်း တွေကိုတော့ ခင်ဗျားကိုယ်တိုင် သိပြီး ဖြစ်ပါလိမ့်မယ်။

 Q- Quenchless loves with each other’s

မငြိမ်းနိုင်တဲ့ အချစ်တွေနဲ့ အပြန်အလှန် ချစ်ကြပါတဲ့။ တစ်ယောက်နဲ့ တစ်ယောက် လင်းလင်း လွင်လွင် ချစ်နေ ကြသရွေ့ ခင်ဗျားတို့ နှစ်ယောက်ဟာ စွယ်တော်ရွက် လေးလိုပဲ တသားတည်း၊ တလွှာတည်း ဖြစ်နေကြမှာ သေချာပါတယ်။

 R- Remember little things

ကဗျာဆန်တဲ့ စာရေးသူက အသေးအမွှား လေးကအစ မှတ်မိဖို့ ကြိုးစား ကြပါလို့ အလေးအနက် ပြောပါတယ်။ ခင်ဗျား သိမ်းထားတဲ့ တစ်ရှူးစ လေးပေါ်က ချစ်သူရဲ့ ချွေးနံ့လေး အကြောင်း၊ ခင်ဗျား သူ့ကို ပေးခဲ့ဖူးတဲ့ ပန်းနီနီလေး အကြောင်း.. အဲဒီလို သေးသေးဖွဲဖွဲ လေးတွေကို ခင်ဗျားက မှတ်မှတ်ရရ ပြန်ပြော တဲ့အခါ ခင်ဗျား ချစ်သူရဲ့ အိပ်မက်တိုင်း ကလည်း ခင်ဗျား အတွက်ပဲ ဖြစ်နေမယ် ဆိုတာ ကျိန်းသေပဲလို့ ကျွန်တော် လောင်းကြေး ထပ်ရဲပါတယ်။

 S- Say "I love you" everyday

နေ့တိုင်း နေ့တိုင်း ချစ်တယ်လို့ ပြောကြပေါ့တဲ့။ ခင်ဗျားပြောတဲ့ ချစ်စကား တွေထဲမှာ ခင်ဗျားရဲ့ ချစ်သူဟာ ဘယ်နှစ်ကြိမ်များ သိင်္ဂါရဆန်ဆန် ပြုံးလဲ့လဲ့ ဖြာခဲ့ဖူး ပါသလဲ။ သူ့ရဲ့ “ချစ်တယ်” ဆိုတဲ့ စကားသံလေး ထဲမှာရော ခင်ဗျားရဲ့ ပီတိတွေ ဘယ်လောက်များ ပျော်ဝင် စုန်ဆန်ခဲ့ ပြီးပြီလဲ။ ခင်ဗျား ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။

 T- Take time for tenderness

ဒီတခါတော့ စာရေးသူက အကြင်နာတရား တွေအတွက် အချိန်ယူ ကြပါလို့ တိုက်တွန်း ပါတယ်တဲ့။ ဟုတ်မှာပါ။ အချိန် အတော်ကြာ ခိုင်မြဲလာတဲ့ အကြင်နာတရား မှန်သမျှဟာ ခင်ဗျားတို့ ချစ်သူ နှစ်ဦးရဲ့ လမ်းခရီးမှာ လိုအပ်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။

 U- Understand and care deeply

တစ်ဦးကို တစ်ဦး လေးလေးနက်နက် နားလည် စောင့်ရှောက် ကြပါလို့ သူက ပြောထား ပါတယ်။ ခင်ဗျားတို့ နှစ်ဦးရဲ့ အပြန်အလှန် နားလည်း စောင့်ရှောက်မှု တွေဟာ ခင်ဗျားတို့ နှစ်ဦး အတွက် ခိုင်မတ်တဲ့ သစ္စာတရားတွေ ဖြစ်နေနိုင်သလို ခင်ဗျားတို့ အတွက် မပြီးဆုံး နိုင်သော၊ မရေတွက် နိုင်သော၊ နှလုံးသားချင်း ထိစပ် နေမှုလည်း ဖြစ်နေ နိုင်တာပေါ့။

 V- Value everything you share

စာရေးသူ ကတော့ မျှဝေခံစား သမျှကို တန်ဖိုးထား ကြပါတဲ့။ အဲဒီ မျှဝေမှုဟာ ခင်ဗျား ရေးထားမိတဲ့ ချစ်သူ အကြောင်း ကဗျာတစ်ပုဒ် ဖြစ်ချင်ဖြစ်မယ်။ ဒီနေ့ခင်ဗျား ကြုံတွေ့ ခဲ့ရတဲ့ ရယ်စရာ အကြောင်းအရာ တစ်ခု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျား စိတ်ဆိုး နေမိတဲ့ အဖြစ်အပျက် တစ်ခုလည်း ဖြစ်ချင်ဖြစ် နေလိမ့်မယ်။ အရေးကြီးတာက ခင်ဗျား ခံစားရတာကို ခင်ဗျား ချစ်သူလေးဆီ မျှဝေဖို့နဲ့ သူ့မျှဝေမှုကို ခင်ဗျား ခံစားပေး နိုင်ဖို့ပါ။

 W- Wish on star together

ကြယ်တွေရှိတဲ့ ကောင်းကင်ဘုံကို အတူတကွ ဆုတောင်း ကြပေါ့တဲ့။ ချစ်သူနဲ့ အတူရှိနေဖို့ ဆိုတာ ခင်ဗျားရဲ့ ခမ်းနား တည်ကြည်သော လင်းပြပြ မျှော်လင့်ချက် တစ်ခု ဖြစ်ပါလိမ့်မယ်။ ဘယ်လို အရာမျိုး ကိုမဆို ချစ်သူ နဲ့အတူ ရင်ဆိုင်ရ တဲ့အခါ ခင်ဗျားရဲ့ ခွန်အားတွေဟာ ထင်ထားတာထက် ပိုပြီး ပြည့်ဝနေ တတ်ပါတယ်။ ဆင်းရဲခက်ခဲတဲ့ လမ်းခရီး မျိုးမှာတောင် ချစ်သူကို ခင်ဗျားနား ရှိနေရင် သိပ်ကောင်းမှာပဲလို့ တောင့်တ နေမိရင်၊ ပြာစင်တဲ့ ကောင်းကင်ပေါ်က ကြယ်ပွင့် တွေထဲမှာ ဆိုရင်လည်း ခင်ဗျား သူနဲ့အတူ နေချင်မယ် ဆိုတာ ကျွန်တော် မှန်းဆလို့ ရပါတယ်။ ကဲ... ကျွန်တော်တို့ အာလုံး ခုကစပြီး ဆုတောင်းကြည့် ကြပါစို့။

 X- Xpress your true feeling

သင့်ရဲ့ စစ်မှန်တဲ့ ခံစားမှုကိုလည်း ဖော်ပြသင့် ပါတယ်တဲ့။ ခင်ဗျားရဲ့ ဒိုင်ယာရီထဲမှာ သူ့နာမည် စာလုံးပေါင်းတွေ ဘယ်လောက်များ ရှိနေတယ် ဆိုတဲ့အကြောင်း၊ သူ့အကြောင်း တွေးမိတိုင်း ခင်ဗျား ဘယ်လောက်တောင် သူ့အပေါ် သင်းပျံ့ ပါတယ်ဆိုတဲ့ အကြောင်း.. သူနဲ့ ပတ်သက်သမျှ ခင်ဗျားရဲ့ ခံစားမှု တွေကိုလည်း ခင်ဗျား ရံဖန်ရံခါ ပြောသင့်ပါရဲ့။

 Y- Yearn for each other's touch

တစ်ယောက်နဲ့ တစ်ယောက် တွေ့ထိကြဖို့ ဆန္ဒပြုကြလို့ စာရေးသူက အကြံပြု ထားပါတယ်။ နောင်တချိန် အတူ လျှောက်လှမ်းရမယ့် ဘဝလမ်း တွေထဲမှာ တစ်ယောက် လက်ကို တစ်ယောက် တွဲလို့ အဆင်ပြေပြေ သွားနိုင်ဖို့ ခင်ဗျားတို့ရဲ့ တွေ့ဆုံ ထိခတ်မှု တွေကို ခုကတည်းက အရှိန်ယူထား သင့်ပါပြီ။

 Z- Z Z Z Z in each other's arms

နောက်ဆုံး အနေနဲ့ ပြောထားတာက တစ်ဦးကိုတစ်ဦး စာလုံး Z လို ပွေ့ဖက် ထားကြတဲ့။ ဒီစာရေးဆရာဟာ အဲသလို ပွေ့ဖက်ခိုင်း ဖို့ကိုတော့ အတော် ဝါသနာပါပုံ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ။ အနွေးထည် ဝတ်ထားလို့ နွေးနေရတဲ့ ခံစားမှုထက် စာရင်တော့ ခင်ဗျားရဲ့ ပွေ့ဖက်မှုထဲမှာ နွေးထွေး နေရတဲ့ ခံစားမှုကို ခင်ဗျား ချစ်သူကပိုပြီး မက်မက်မောမော တောင့်တမှာ ကတော့ သေချာ ပါတယ်။

 

သူရဿဝါ
၁၃ - ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment