Tuesday, February 12, 2008

သူရဿဝါနှင့် အမုန်းများ


လောကမှာ ကျွန်တော် မုန်းတီးတဲ့ အရာတွေ အများကြီး ရှိပါတယ်။ အရင်ကတော့ အမှတ်တမဲ့ပါ။ ဟိုတစ်ခု အမြင်မတော်ရင် မုန်းလိုက်၊ ဒီတစ်ခု အချိုးမပြေရင် သောက်မြင် ကပ်လိုက်နဲ့။ ခုတော့ ကိုယ်မုန်းတီးမိတဲ့ ကိစ္စတွေ ဘယ်လောက်များများ ရှိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်မိတယ်။ ငါက အဆိုးမြင်ဝါဒီ တစ်ယောက်များ ဖြစ်နေပြီလားလို့ စိုးရိမ် မိတာလည်း ပါတာပေါ့။

 ဘတ်စ်ကားပေါ်မှာ ယောကျာ်းကြီးတန်မဲ့ မိန်းမတွေနဲ့ နေရာလုထိုင်တဲ့ ပုဂ္ဂိုလ်တွေကို မုန်းတယ်။ ပိုက်ဆံ တစ်ဆယ်၊ နှစ်ဆယ်ကအစ နှုတ်ခမ်းတွေ မဲ့ရွဲ့ပြီး အတင်းပြန် တောင်းတတ်တဲ့ မိန်းမကြီးတွေကို မုန်းတယ်။ အကြွေမရှိဘူး ဆိုတာကို တွင်တွင်ပြောပြီး ပိုက်ဆံပြန်အမ်းဖို့ အမေ့ခံတဲ့ စပယ်ယာ တွေကိုလည်း မုန်းတယ်။

 လူရှေ့မရှောင် သူရှေ့မရှောင် ပိုလာဘာလီ များတဲ့ ခပ်ကဲကဲ စုံတွဲတွေကို မုန်းတယ်။ အဲဒီလို စုံတွဲတွေကိုမှ အားကျတဲ့ ပုံစံနဲ့ လိုက်ကြည့်တတ်တဲ့ ဂေါ်မစွံ တွေကိုလည်း မုန်းတယ်။ ညအချိန်မတော် လမ်းပေါ်မှာ မူးရူးပြီး လျှောက်အော် နေတတ်တဲ့ ကာလသားတွေကို မုန်းတယ်။ သူတို့ရဲ့ အရည်မရ အဖတ်မရ အချိန်တွေကိုလည်း မုန်းတယ်။ တကယ်တမ်း ဟုတ်တိပတ်တိ အရည်အချင်း မရှိဘဲနဲ့ ကိုယ်ရည်သွေး တီးလုံးတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ပြတတ်တဲ့ ဘဝင်လေဟပ် တွေကို မုန်းတယ်။ သူတို့အကြောင်းကို သိနေရဲ့သားနဲ့ ကိုယ့်စားပေါက် တစ်ခုတည်း အတွက် အဲဒီလူတွေ အနားမှာ မြှောက်ပင့် ထိုးကော်နေတဲ့ ကပ်ပါးတွေကို မုန်းတယ်။

 သာပေါင်းညာစား အဖော်အပေါင်း အတုတွေကို မုန်းတယ်။ “ဘုန်းကြီးဟာကျ ပေးလား ကမ်းလား ဒကာမဟာကျ မူးတင်းပဲတင်း” လုပ်တဲ့ ငကျစ်တွေကို မုန်းတယ်။ “ပြောကို မပြောချင်ပါဘူး” ဆိုတာကနေ စပြီး ရပ်ကို မရပ်ချင်တော့တဲ့၊ သူများ အတင်းတွေ ပြောပြီး ဝမ်းဝ နေတတ်တဲ့ တန်ဖိုး ခပ်လျော့လျော့ မိန်းမတွေကို မုန်းတယ်။ အဲဒီလို မိန်းမတွေထက် ပိုဆိုးတဲ့ ယောက်ျား ဘသားကြီးတွေရဲ့ အရိုးတပ် မထားတဲ့ လျှာတွေကို မုန်းတယ်။ အဲဒီလူတွေ ပြောတဲ့ အကြီးစားလေလုံး တွေကိုလည်း မုန်းတယ်။ ဘာပြောပြော ထုံပေပေ လုပ်နေတတ်တဲ့ ပြန်မပြော နားမထောင်တွေကို မုန်းတယ်။ ပြန်ပြောပြီး နားမထောင်တဲ့ သူတွေကိုလည်း မုန်းတယ်။

 “ငါ့ကိုသာ စိတ်ချလိုက်စမ်းပါ” ဆိုတဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်မချတတ်တဲ့ လူလည် လူမွတ်တွေကို မုန်းတယ်။ အဲဒီလူလည် တွေကိုမှ စိတ်ချ နေတတ်တဲ့ လူနတွေကိုလည်း မုန်းတယ်။ တကိုယ်လုံးကို သေချာကြည့်ပြီး ကဲ့ရဲ့ဖို့ပဲ မဲသာနေတဲ့ ပတ်ဝန်းကျင်ကို မုန်းတယ်။ အချစ် ဆိုတာကို တွင်တွင်ပြောပြီး ခဏခဏ ချစ်တတ်တဲ့ ကောင်မလေးကို မုန်းတယ်။ နောက်ဆုံး၊ အဲဒီ အမုန်းတွေ အကြောင်း အိပ်ရေးပျက်ခံပြီး ရေးချနေမိတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်။

 

သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment