Tuesday, February 12, 2008

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ


 

 

 

 

 

 

 

 

 

ပူပန်လို့မှ မဆုံးသေး

ငါကျမယ့်မျက်ရည်ကို မြင်ချင်လာပုံရတယ်။

ဘေးကဖြတ်လျှောက်သွားပုံကိုက

တီတီတာတာစကားတွေမပြောဖူးတဲ့အတိုင်း

ကြည်ကြည်နူးနူးမျက်လုံးမျိုးနဲ့မကြည့်ဖူးတဲ့အတိုင်း

မင်သေပေမယ့်ထောင့်မကျိုးဘူး။

မင်းဘေးကကောင်ကြောင့်

ငါ့ဖြစ်တည်မှုကိုအကျိုးကြေခံမယ်လို့ထင်တာ

မင်းရဲ့အမှား။

နစ်မြုပ်ခဲ့သလောက် ငါခံစားတယ်

ပိုးစိုးပက်စက် ဖြစ်မသွားဘူး

မခံချင်စိတ်နဲ့ ရေးတဲ့ကဗျာ

ဆော်ဒါမရောဘူး

ရေခဲမထည့်ဘူး

ဝီစကီဖန်ခွက်မလိုဘူး။

သိမ်ငယ်မှုမရှိတဲ့ ကဗျာ

မျက်တွင်းဟောက်ပက်နဲ့ အိပ်ရေးပျက်မခံဘူး။

ငိုချင်စိတ်မရှိတဲ့ကဗျာ

လက်ကိုင်ပဝါမဆောင်ဘူး။

အသည်းကွဲတယ်ဆိုတာ

အပေါစားတစ်ရှူးစလို ပါးပါးလေး။

ငါ့ဆင်ခြင်ဉာဏ်က

ငါ့အသက်ကိုတစိုက်မတ်မတ်စောင့်ကြည့်

ဒီနေ့ည

ဘိုင်ရွန်ရဲ့ “ခွဲခွာကြရတယ်” ကိုရွတ်ချင်ရွတ်မယ်

ရိုမီယိုရဲ့ ပျော့ညံ့မှုကို အားမလို အားမရ ဖြစ်ချင်ဖြစ်မယ်

ကလီယိုပါထရာကို ရှုတ်ချချင်ရှုတ်ချမယ်

မနက်ဖြန်နေထွက်ရင်တော့

ငါ့မျက်နှာ ငါပြန်ကြည့်

ပကတိဖြစ်နေရမယ်။

မင်းကိုပေးဖတ်ဖို့ မရည်ရွယ်တဲ့ကဗျာ

မတော်တဆတွေ့ခဲ့ရင်တော့

မင်းအံမကြိတ်လိုက်နဲ့။

 

သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:

Post a Comment