ညီမလေး သံယောဇဉ်ရေ..
ကမ္ဘာ အရပ်ရပ်က လူတွေ အားလုံးလိုလို ပါပဲ။ “မွေးနေ့” ဆိုတာကို အထိမ်းအမှတ် တစ်ခု အဖြစ် တခုတ်တရ လက်ခံထားတတ် ကြပါတယ်။ အားလုံးဟာလည်း အဲဒီ အထိမ်းအမှတ်ပြု နေ့စွဲ အပေါ် အမျိုးမျိုးသော “မွေးနေ့စိတ်ကူး” တွေကို ဖန်တီးကြည့်လေ့ ရှိကြတာပါပဲ။ ညချမ်း အချိန်မှာ မြက်ခင်းစိမ်းစိမ်း ဥယျာဉ်ထဲ ကျင်းပချင်တဲ့ မွေးနေ့ ပါတီတွေ၊ အဖေနဲ့ အမေကို ကျေးဇူး သိတတ်ခြင်းနဲ့ ကြည်ကြည်နူးနူး ကန်တော့ချင်တဲ့ မွေးနေ့ စိတ်ကူးတွေ ရှိကြမှာပါပဲ။ အဲဒီ စိတ်ကူးတွေ ထဲမှာမှ “မွေးနေ့” ဆိုတဲ့ စကားလုံးရဲ့ လေးနက်မှုနဲ့ တွေးသင့် တွေးထိုက်တာ တွေကို တွေးဖူးကြ ပါသလား။
ညီမလေးရေ..
မင်းရော ခုနက ပြောတာတွေကို တွေးကြည့်ခဲ့ဖူး ပါသလား။ တွေးချင်လည်း တွေးကြည့်ဖူး ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ။ အစ်ကိုကတော့ တွေးမိတာလေး တွေကိုပဲ ညီမလေး အတွက် မွေးနေ့ လက်ဆောင် ပေးပါရစေ။ “မွေးနေ့” ဆိုတဲ့ စကားလုံးဟာ အချိန် သုံးပါးလုံးနဲ့ သက်ဆိုင်မှု ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်တွေးမိ နေတဲ့ “မွေးနေ့” ဟာ အတိတ်တုန်းက မွေးနေ့ အကြောင်း ဖြစ်နိုင်သလို ပစ္စုပ္ပန်က မွေးနေ့၊ ဒါမှမဟုတ် အနာဂတ်မှာ ရောက်လာမယ့် မွေးနေ့ အကြောင်းလည်း ဖြစ်နေနိုင် တာပါပဲ။ ပြီးတော့ “မွေးနေ့” မှာ ကျင်းပချင်တဲ့ ပါတီပွဲတွေ၊ အလှူ ဒါနတွေ အားလုံးကိုလည်း အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်ရင် သိပ်ကောင်း မှာပါပဲ။ အခု ညီမလေးရဲ့ ၁၇ နှစ်ပြည့် မွေးနေ့မှာ ညီမလေး ကျင်းပခဲ့တဲ့ မြင့်မြတ်တဲ့ အလှူဒါန မျိုးပေါ့။
အဲဒီလို အလှူမျိုးကို ညီမလေး ကျင်းပ ခဲ့တာဟာ ညီမလေး အတွက်တော့ တစ်ရက်တည်းပါ။ ဒါပေမဲ့ အဲဒီမြင့်မြတ်တဲ့ ညီမလေးရဲ့ စိတ်သန္တာန်ထဲက အလှူပွဲ ကိုတော့ လူပေါင်းများစွာ မပြီးဆုံး နိုင်အောင် တက်ရောက် နေကြမယ် ဆိုတာကတော့ သေချာပါတယ်။ အဲဒီလို အလှူဒါနဟာ ညီမလေး အတွက်လည်း တွေးတတ်ရင် အမြဲတမ်း ကျင်းပ နေမိတဲ့ အလှူဒါန ဖြစ်နေမယ် ဆိုတာလည်း သေချာပါတယ်။ အစ်ကိုတောင် ညီမလေးရဲ့ “မွေးနေ့ပွဲ” ကို လူကိုယ်တိုင် မတက်ရောက် နိုင်ပေမယ့် အားကျစိတ်တွေ၊ အထင်ကြီးစိတ်တွေနဲ့ လေးလေးနက်နက် တက်ရောက် နေခဲ့တာပါ။
ညီမလေးရေ..
ဘယ်လို အခြေအနေ မှာပဲဖြစ်ဖြစ် ပေါ့ကွာ။ ခမ်းခမ်းနားနား မဟုတ်ပေမယ့် ကိုယ်ရှိသလောက် လေးကိုပဲ အမွန်မြတ်ဆုံး စိတ်ထားလေးနဲ့ ကျင်းပနိုင်တဲ့ “မွေးနေ့ပွဲ” မျိုး၊ “မွေးနေ့ရှင်” မျိုး ဖြစ်နေနိုင် ပါစေလို့ အစ်ကိုနဲ့ မနွေးနွေးနဲ့က အမြဲ ဆုတောင်းပေး နေပါ့မယ်။ ညီမလေး သံယောဇဉ် အသက် ၁၇ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာအထိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ကိုယ်ကိုရော၊ သူများတွေ ကိုရော အကျိုးပြုနိုင်တဲ့ လူသား ပီသတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပါစေလို့ အစ်ကိုတို့ ဆုတောင်းပေး လိုက်ပါတယ်။
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment