Wednesday, February 13, 2008

ဆောင်းရာသီ နောက်ဆုံးအင်္ဂါနေ့လေး


နှင်းပွင့်တွေ ဖွေးဖွေးထအောင်ခြွေချလည်း
ငါ့ရဲ့ဆောင်းဟာ အခုထိမအေးချမ်းနိုင်သေး။

ငါလွမ်းနေမိတာ ဘာလဲ
သူ့ရဲ့နှစ်လိုဖွယ်အပြုံးလား
နှုတ်ခမ်းစူစူလေးလား
ဒါမှမဟုတ်
ရိုးပုံရိုးလက်နဲ့ မျက်နှာဝိုင်းလေးလား
မသေချာဘူး

ခံစားချက်ရဲ့ခေါ်ဆောင်ရာနောက်
စကားလုံးတွေက အလိုလိုလိုက်နေမိ
ငါ့ကိုပြုစားထားတာ နင်ပဲလေ။

အင်းလျားကန်ဘောင် ညနေခင်း
တယ်လီဖုန်းနံပါတ်တစ်ခု
ဒိုင်ယာရီစာအုပ်အပြာလေး
ပြီးတော့ မိုးသည်းတဲ့နေ့တစ်နေ့
အဲဒါ ငါရေးတဲ့အချစ်ကဗျာပဲ။
အဲဒါ ငါမက်တဲ့အိပ်မက်ပဲ။

မိုးပြာရောင်ပန်းချီကားတစ်ချပ်
စိတ်ကူးမှာ သွန်းဆစ်နေခဲ့
နာမည်ကိုတော့
ဆောင်းရာသီ နောက်ဆုံးအင်္ဂါနေ့လေးလို့ ငါပေးဖြစ်လိမ့်မယ်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment