သူဆို့ဆို့နင့်နင့်ပြောတဲ့ညက
ငါငိုတယ်။
ခွဲခွာခြင်းရဲ့ ဆိုင်းဘုတ်မှာ
ဘယ်လိုဝဋ်ကြွေးကြောင့်များ
ငါတို့ရဲ့အမည်စာရင်း
ထိပ်ဆုံးက ဖြစ်ခဲ့ပါသလဲ။
သူကြေကြေကွဲကွဲပြောတဲ့ညက
ငါငိုတယ်။
အဆိပ်သင့်စကားလုံးတွေ
ပိုးစိုးပက်စက် အနိုင်ယူကြတဲ့နေ့မှာ
ဘယ်လို ဝတ်စားဆင်ယင်မှုကြောင့်များ
ငါတို့ ရှက်ရွံ့နေခဲ့ကြပါသလဲ။
သူတိတ်တိတ်ဆိတ်ဆိတ်နေတဲ့ညက
ငါငိုတယ်။
အောင်ပွဲခံနတ်ဆိုးတွေ
ငါတို့ကို ဝါးမြိုလှီးဖြတ်
အောင်သေအောင်သားစားတဲ့ပွဲမှာ
ဘယ်လိုသေတမ်းစာကြောင့်များ
ငါတို့ အိန္ဒြေရရသုံ့ပန်းအဖြစ်ခံခဲ့ကြပါသလဲ။
ငါ့ရဲ့
နောက်ဆုံးစက္ကန့်တွေအတွက်
နောက်ဆုံးမျက်တောင်တခတ်အတွက်
နောက်ဆုံးမျက်ရည်အတွက်
ငါ့ကိုယ်ငါ အလောင်မြိုက်ခံတဲ့ညမှာ
ငါ့ကိုယ်ငါ အမှောင်မိုက်ခံတဲ့ဘဝမှာ
ဘယ်လိုကြီးမြတ်မှုမျိုးကိုမှ
ငါ မီးတစ်တို့မပေးနိုင်ဘူး။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment