Wednesday, February 13, 2008

"အေ" ကိုက်နေတဲ့ကောင်


ဘေးစိပ်ထားတဲ့ ဖဲတစ်ချပ်ကို
ရှုံးမလား နိုင်မလား
ရိုက်မချရဲသေးတဲ့ကောင်ပါ။

မင်းရှိနေတဲ့ကျောင်းဝင်းထဲ
ကိုယ့်အရိပ်ကိုယ် ဖျောက်မပစ်နိုင်တာလည်း မှန်ရဲ့။
ဘောင်ခတ်မထားတဲ့ ရင်ဘတ်ပြပွဲလေး
မင်းရှေ့မှာ ခင်းကျင်းထားချင်တာလေ။

တခါတခါလည်း ဖွင့်မပြောရဲသေးတဲ့ သတ္တိကို
မုန်းမုန်းတီးတီး သတ်နေမိတယ်။
ခမ်းခမ်းနားနားပျံသန်းပစ်ချင်တာတောင်
အတောင်ကျိုးမှာ ကြောက်တဲ့ဘဝ
ကျေကျေနပ်နပ် အရှုံးခံဖို့ကျတော့လည်း
တပ်မက်လွမ်းမောခြင်းက ထွက်စာမတင်ဘူး။

ချစ်တဲ့ ကာတွန်းမလေးရေ
မင်းနှလုံးသားနဲ့ ငါ့နှလုံးသားက အိမ်နီးချင်းဖြစ်ပြီး
မင်းစိတ်ကူးနဲ့ ငါ့စိတ်ကူးက ဖုန်းနံပါတ်တူရင်
သိပ်ကောင်းမှာပဲကွာ။

(ချစ်သူငယ်ချင်း အောင်ပြည့်စုံထွေး (ခေါ်) ဘီလူးအတွက် အမှတ်တရ)

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment