Wednesday, February 13, 2008

ဘေးထွက်ပစ္စည်း


ကျိန်စာတွေကြောင့်လား
ကံစီမံရာကြောင့်လား
မသေချာလှဘူး။

ရင်ငွေ့နှစ်စုံထိစပ်ခွင့်ဟာ
မဟာတံတိုင်းခြားသလိုဝေး။

သနပ်ခါးနံ့အကြောင်း ကောင်းကောင်းသိတဲ့အနမ်းတွေ
လက်ဖဝါးနှစ်စုံ အပြန်အလှန်သင်ယူနေတဲ့ဘာသာဗေဒေတွ
သွေးပျက်စွာသေသွား။

နာကျည်းစရာမပါတဲ့ လွမ်းဆွတ်နေမှုမှာ
သုညဒီဂရီအောက်ရောက်နေတဲ့
မျှော်လင့်ချက်အစအနတွေရှိမယ်။
ပြဒါးတိုင်မလိုတော့တဲ့ စိတ်ကျရောဂါတွေရှိမယ်။

ဖြစ်ချင်တာဖြစ်ခွင့်မရတဲ့ဘဝမှာ
ကြံရာမရတဲ့အဆုံး
ဒုက္ခိတရင်ဘတ်ကြီးနဲ့
ကဗျာတွေပဲ ဆို့ဆို့နင့်နင့်ရေးနေမိတော့တယ်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment