အဲဒီအခိုက်အတန့်လေးမှာ
ပတ်ဝန်းကျင်ကအစ
သူရောကိုယ်ပါ ငြိမ်သက်
ရက်စက်ခြင်းတေးသွားတွေသာ လူးလွင့်နေခဲ့။
အဲဒီအခိုက်အတန့်လေးမှာ
ကိုယ်စီ မျက်ရည်စတွေရစ်သိုင်း
ပြိုင်းရိုင်းစွာ နာကျင်နေခဲ့။
အဲဒီအခိုက်အတန့်လေးမှာ
သူ့လက်နဲ့ကိုယ့်လက်
ကြေကြေကွဲကွဲတွယ်ယှက်
နောက်ဆုံးနှုတ်ဆက်နေခဲ့။
အဲဒီအခိုက်အတန့်လေးဖြစ်မြောက်လာဖို့
အမုန်းတရား လုံးလုံးလျားလျားမပါခဲ့
မာနသင့်စကားလုံးတွေမပါခဲ့
ဂုဏ်ဒြပ်သတ်မှတ်ချက်တွေမပါခဲ့
“မဖြစ်နိုင်ခြင်း” အခင်းအကျင်းတွေသာ လင်းတောက်နေခဲ့။
အဲဒီ
အခိုက်အတန့်လေးမှာပဲ
ငါ့မျှော်လင့်ခြင်းဈာပနပေါ်
သူ့ရဲ့မျက်ရည်စတွေခြွေချ
နောက်ဆုံး
တစ်ဦးရဲ့ကျောခိုင်းခြင်းကို တစ်ဦးကဝေမျှလို့
တိတ်တဆိတ်လေးပဲ တိတ်ဆိတ်နေခဲ့ကြတယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment