Wednesday, February 13, 2008

စိတ်ထားတတ်ရင် မြတ်တယ်


တစ်ခါက ကက်သလစ် ဘာသာဝင်တွေ နေတဲ့ ရွာတစ်ရွာကို ဂျူးလူမျိုး တစ်ယောက် ပြောင်းလာ ပါသတဲ့။ သူက ကက်သလစ် တွေရဲ့ ဘုရားရှိခိုး ကျောင်းနားမှာ အိမ်ဆောက်ပြီး နေတယ်။ အဲဒီမှာ သောကြာနေ့ ရောက်လာတော့ ကက်သလစ် တွေရဲ့ ဘုရားရှိခိုးပွဲ ရှိပါတယ်တဲ့။

ကက်သလစ်တွေက ဘုရားကျောင်းထဲ ဘုရားရှိခိုး နေကြချိန်မှာ အဲဒီဂျူးလူမျိုးရဲ့ နေအိမ် ထဲကနေ ပြီးတော့ အမဲသားကြော်နံ့ စူးစူးရွားရွား ထွက်လာတယ်တဲ့။ ကက်သလစ် ဘာသာဝင် တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ကြရတာပေါ့။ ဘာလို့လဲ ဆိုတော့ ကက်သလစ် တွေက သောကြာနေ့တိုင်း ဘုရားရှိခိုး၊ အမဲသား မစားဘဲ ငါးကို စားကြတာကိုး။ သူတို့ရဲ့ ဥပုသ်ရက်လို့ ခေါ်ရမလားပဲ။

ဒီတော့ ဂျူးလူမျိုးရဲ့ အိမ်က ထွက်လာတဲ့ အမဲသားကြော်နံ့က သူတို့ ဘာသာရေးနေ့မှာ အနှောင့်အယှက် တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့ ကက်သလစ် တွေက ဂျူးလူမျိုးကို သူတို့ ကက်သလစ် ဘာသာဝင်ဖို့ စည်းရုံး ရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ပြီးတော့ ဂျူးလူမျိုးဆီ သွားပြီး တိုက်တွန်း ကြတယ်။ သူတို့ ဘာသာကို ဝင်ပါ ဆိုပြီးတော့ပေါ့။

ပထမတော့ ဂျူးကြီးက ငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ ဆန္ဒကို လွန်ဆန်နေလို့ သူ့အတွက် အကျိုးမရှိ နိုင်ဘူးဆိုတာ သဘောပေါက် သွားပုံရတယ်။ ကက်သလစ် ဘာသာဝင်ဖို့ လက်ခံ လိုက်ပါတယ်။ အဲဒီလိုနဲ့ သူ့ကို ကက်သလစ် ဘာသာထဲ သွတ်သွင်းတဲ့ အခမ်းအနားကို ကျင်းပမယ့်ရက် ရောက်လာပါရော။ ခေါင်းကိုင် ဘုန်းကြီးက သူ့ကိုပြောတယ်။

 

“ငါ့သား၊ ငါ့သားဟာ ဂျူးအဖြစ်နဲ့ မွေးတယ်၊ ဂျူးအဖြစ်နဲ့ ကြီးလာတယ်၊ ကဲ.. အခု ငါ့သားဟာ ကက်သလစ် ဖြစ်သွားပြီ”

အဲဒီလို သွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ ကက်သလစ်တွေဟာ သောကြာ နေ့တိုင်း အမဲသား ရှောင်ပြီးတော့ ငါးကိုပဲ စားကြကြောင်း အထူးသတိပေး ရှင်းပြတယ်။ ဂျူးလည်း ဘုန်းကြီး ရှင်းပြတာကို ခေါင်းလေး တညိတ်ညိတ်နဲ့ နားထောင်ပြီးတော့ ပြန်သွား ရှာပါတယ်။

အဲဒီလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာ ပြန်ရောတဲ့။ ကက်သလစ် တွေလည်း ဒီတခါတော့ အေးအေးဆေးဆေး ဝတ်ပြုလို့ ရပြီဆိုပြီး စိတ်ချမ်းသာ နေကြတာပေါ့။ သိပ်မကြာ ပါဘူး၊ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က ထောင်းခနဲ ထွက်လာ ပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော၊ ဘုန်းကြီးရော ဂျူးရဲ့ အိမ်ဖက်ကို ထွက်လာ ကြတာပေါ့။ ဂျူးကို တားဖို့ပေါ့လေ။ ဒါပေမဲ့ သူတို့ မအောင်မြင် လိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဂျူးက အမဲသားကြော်ကို ဒယ်အိုးပေါ်မှာ အပြန်အလှန် ယောင်းမနဲ့ မွှေရင်း အော်နေတာကိုး။

 

“မင်းဟာ နွားအဖြစ်နဲ့ မွေးတယ်၊ နွားအဖြစ်နဲ့ ကြီးလာတယ်၊ ကဲ.. အခု မင်း ငါးဖြစ်ပြီ”

မှတ်ချက် - ဆရာ မောင်ကောင်းထိုက် (နှီးပဒေါ) ၏ ဘာသာပြန် ဟာသ တစ်ပုဒ်အား မှီငြမ်း ဆန်းသစ် ရေးသားပါသည်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment