“အဲဒီလိုဆို နေပျော်သေပျော်လောကကြီး”
ခုလေးတင်ဖတ်လိုက်ရတဲ့ ကဗျာသုံးပုဒ် * * *
အဲဒီထဲကလို သူသူငါငါသိ/ မသိသလိုလုပ်နေကြတဲ့
ကိစ္စအချို့အ၀က်ကလွဲရင် နေပျော်သေပျော် လောကကြီး
*မကင်းရာမကင်းကြောင်း အဲဒါတွေအကြောင်း မောင်မိုးချိုသိပါတယ်
*လမ်းထွက်လျှောက်နေရတဲ့အကြောင်း အဲဒီအကြောင်း ဆူးခက်မင်းသိပါတယ်
Facebook ထဲက Like Button ဟာ ဘာတွေလုပ်လို့ရ/ ကိုယ်စားပြုလို့ရသလဲ
ကြက်သီးတဖြန်းဖြန်းထသွားလား၊ ဒါမှမဟုတ်ရင် ကဗျာဆရာတစ်ယောက်ရဲ့
ပိုစ့်မော်ဒန်အယူဝါဒ အာသီသ *ပရော်ဒီ (Parody) တွေ ခုန်ထွက်လာသလား
ထားလိုက်ပါ … အထက်ပါကိစ္စတွေ ထားခဲ့လိုက်ပါ နေပျော်သေပျော်လောကကြီး
အပေါ်မှာရေးထားတဲ့ကိုးကြောင်းကိုဖတ်ပြီး ခင်ဗျားစိတ်ထဲမှာ
တရေးရေးပေါ်လာတဲ့ “အဲဒါလားမသိဘူး” ကိုဖျောက်ပစ်လိုက်၊ တကယ်တော့
အဲဒါ အဲဒါ အဲဒါ လို့ရေးနေရတာကိုက အဲဒါပဲ (ခင်ဗျာ့အတွေးကို
ဒီနေရာမှာတင်ရပ်မယ်ဆိုရင် အေးရာအေးကြောင်း လမ်းဆက်လျှောက်ခွင့်ပေးမယ်)
မဟုတ်ဘူး၊ မငြိဘူး၊ မစောင်းဘူး၊ မတည့် (ဒဲ့) ဘူး ဆိုရင် အငြိမ်းဇယား
ဝါသနာပါရင် ခင်ဗျား ဇာတ်ထောင်လို့ရတယ်၊ သီချင်းဆိုလို့ရတယ်၊ ကဗျာရွတ်လို့ရတယ်၊
သူငယ်ချင်း သုံးလေးငါးယောက်နဲ့ လက်ဖက်ရည်ဆိုင် ညလုံးပေါက်ထိုင်လို့ရတယ်
မငြိဘူး၊ မစောင်းဘူး၊ တည့်တည့်မဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့လောကဟာ
နေပျော်သေပျော်ကြီးပဲ
အဲဒါ အဲဒါတွေထက်စာရင် အွန်လိုင်းပေါ်က သောက်ရေးမပါတဲ့ Chat Box တွေနဲ့၊
ညီမလေး အသက်ဘယ်လောက်ရှိပြီလဲနဲ့၊ ကိုယ့်မေးလ်ထဲကို ဓါတ်ပုံလေးပို့ပေးပါလားနဲ့
အချိန်ဖြုန်းပစ်လိုက်တာ အကောင်းဆုံးပဲ၊ ဒါတကယ်ပြောတာ အဟုတ်ပြောတာ
ရင်ထဲကအသိတရားဆိုတာကို လက်တွေ့အရှိတရားနဲ့အတူတူ တိတ်တိတ်လေးသိမ်းထား
ကျွန်တော်တို့ ပျော်ပွဲစားထွက်ကြမလား၊ ဒီညဘောလုံးပွဲကောင်းတဲ့အကြောင်း ပြောမလား၊
ဒိုတာခုတ်မလား၊ ဒါမှမဟုတ် …. ရှေ့က ကောင်မလေးနောက် အပျင်းပြေလိုက်မလား
လှုပ်ရှားပါ၊ ရွေ့လျားပါ၊ အဲဒီအနားကလွဲရင် သွားချင်တဲ့နေရာသွား
လှုပ်လို့ရမယ် လှုပ်လို့ရတယ် အဲဒီ (စကား/ကိစ္စ/အရေးအရာ/အပြုအမူ) ကလွဲရင်
နေပျော်သေပျော်လောကကြီး၊ ခင်ဗျား လှုပ်လို့ရပါတယ်
အခုလေးတင်ဖတ်လို့ရတဲ့ သုံးပုဒ်ထဲက အရေးအသား
|ကျေးဇူးပြု၍ ဒါဖတ်ပြီးဘယ်မှမရောက်ပါစေနဲ့| အဲဒီလိုလိုက်ပြောရရင်
ဟောဒီတစ်ပုဒ်လုံးမှာ “အဲဒါလားမသိဘူး” ကလွဲရင် ကြိုက်တဲ့နေရာ
ဖတ်လို့ရ၊ ထိတွေ့ကိုင်တွယ်လို့ရ၊ ပေါင်းသင်းဆက်ဆံလို့ရ၊
အဲဒီလိုဆို နေပျော်သေပျော်လောကကြီး (ခဏခဏ စိတ်ပါလက်ပါ ရွတ်ဖတ်ပေးပါ)
နေပျော်သေပျော်လောကကြီးမှာ “အဲဒါလားမသိဘူး” ကိုကျော်ဖတ်၊
အကောင်းဆုံးက မကင်းရာမကင်းကြောင်းဖြစ်နေရင်တောင်
ကျေးဇူးပြု၍ ဒါဖတ်ပြီးဘယ်ကိုမှ လျှောက်မဖြန့်ပါနဲ့ ။
(ရည်ညွှန်း)
* ပရော်ဒီ (Parody) - လက်ဝါးကြီးအုပ်လွှမ်းမိုးနေတဲ့ အယူအဆတည်ဆောက်ချက်မှန်သမျှကို စိန်ခေါ်ဖို့၊
အဲဒါတွေရဲ့ အားနည်းချက်ကို သတိထားမိစေဖို့ ပြန်လည်ပြုလုပ်ဖန်တီးချက်
သူရဿဝါ
အောက်တိုဘာ ၅ ရက် ၊ ၂၀၁၀ ခုနှစ်
နားမလည်ဖူးဝေ့ အောင်ပိုင်ဖတ်သွားတယ်...း)
ReplyDelete