ဟန်နီဟာ မိန်းမတစ်ယောက်ဖြစ်တဲ့အကြောင်း
- သူရဿဝါ -
အခု
ဒီကဗျာမှာ ရည်ညွှန်းတာဟာ ဟန်နီဖြစ်တယ် … ဆိုပေမယ့် သီချင်းတွေထဲကဟန်နီ မဟုတ်ဘူး။
“ရက်စက်တဲ့ဟန်နီ”
“ညဥ့်ငှက်မလေးဟန်နီ” မဟုတ်ဘူး။ ကဗျာတွေ၊ သီချင်းတွေထဲ မြင်နေ တွေ့နေကျ ဟန်နီ
မဟုတ်ဘူး။
ဟန်နီဟာ
ဟန်နီဖြစ်တယ်။
မိန်းမတစ်ယောက်
… ဒီထက်ပိုရှင်းအောင်ပြောရရင် အရွယ်ရောက်ပြီးတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။
အခု
ဒီကဗျာရဲ့ ရည်ညွှန်းအမျိုးသမီးဟာ ဟန်နီဖြစ်တယ်ဆိုပေမယ့် ကဗျာဆရာ မြင်ဖူး၊ တွေ့ဖူးတဲ့
မိန်းမတွေအကုန်လုံး ဖြစ်တယ်။
ဟန်နီရဲ့အကြောင်းဖြစ်တယ်
ဆိုပေမယ့် ကဗျာဆရာနဲ့တကွ အခု ဒီကဗျာဖတ်နေသူအားလုံး ဖြတ်သန်းနေတဲ့ ခေတ်ကာလထဲမှာ တွေ့နေကျ
မိန်းမတွေအကြောင်းဖြစ်တယ်။
ဟန်နီဟာ
သူတစ်ယောက်တည်းအတွက်ဆိုရင်တော့ ဟန်နီပဲဖြစ်ပေမယ့် ကဗျာဆရာရဲ့ ရေးခြစ်မှုထဲ မိုဒယ်လ်ထိုင်ပေးလိုက်ရတဲ့အချိန်မှာ
ဟန်နီမဟုတ်တော့ပြန်ဘူး။
ခေတ်ရဲ့သမီးပျိုပီပီ
ဟန်နီ ဘောလုံးပွဲသိပ်ကြိုက်တယ်။
ယောင်္ကျားလေးတွေနဲ့
တစ်ဝိုင်းတည်းဘီယာဆိုင်ထိုင်ရဲတဲ့ အစွမ်းသတ္တိမျိုးရှိတယ်။
ဟန်နီဟာ
တစ်ခါတစ်ရံ သိမ်မွေ့နေတတ်တယ်။
ဟန်နီဟာ
လိုအပ်ရင် လိုအပ်သလို ညှို့တယ်၊ ငင်တယ်၊ လိမ်တယ်ခေါက်တယ်၊ လူပေးကစားတယ်၊ လိုအပ်ရင်
လိုအပ်သလို အ, ချင်ယောင်ဆောင်တယ်၊ လည်ချင်ယောင်ဆောင်တယ်။
အချစ်ဝတ္ထုတွေထဲမှာတွေ့ရတတ်တဲ့
ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းဒဿန အယူအဆတွေကို ဟန်နီ သိပ်ကြိုက်တာပေါ့။
ပေးဆပ်ဖို့၊
ရယူဖို့၊ အလျှော့အတင်းဟာ ချစ်သူနှစ်ဦးကြားမှာ လိုအပ်လို့ဆိုတဲ့ ဟန်နီဟာ စွန်လွှတ်ဖို့ကြိုးစားရင်း
မှန်စာကြိုးကလေးနဲ့ ရှဖူးတယ်။
ရည်းစား
တစ်ဦးစ နှစ်ဦးစ (သူ့အပြောအရ) ထားဖူးတဲ့ မိန်းမပျိုလေးဟန်နီဟာ ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်ခန်းတချို့ရဲ့
လွှမ်းမိုးမှုကို ခံခဲ့ရသလို အဲဒါတွေကို မှတ်မှတ်သားသားရှိခဲ့တယ်။
ခုနစ်အိမ်ကြား၊
ရှစ်အိမ်ကြား ရန်ဖြစ်ဖို့ ၀န်မလေးတဲ့ဟန်နီဟာ လူရာဝင်ပွဲတိုးရမယ့်နေရာမျိုးမှာ သူ့အချစ်တော်ကြောင်ကလေးလိုမျိုး
အိနြေ္ဒရရ မျက်လွှာလေးချထားဖို့ကိုလည်း တတ်မြောက်နေပြန်တယ်။
ဟန်နီဟာ
တစ်ခါတလေ ဘိုမရုပ်လေးနဲ့တူသလို တစ်ခါတလေ ရေမခြောက်သေးတဲ့ အ၀တ်တစ်ထည်နဲ့တူတယ်။
အင်တာနက်ရဲ့
ချက်တင်၊ ဖေ့စ်ဘွတ်ခ်တွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ ဟန်နီက ၂၁ ရာစုထဲက ၂၂ ရာစုကို ကြိုရောက်သွားချင်တဲ့
ခေတ်ပေါ်မိန်းကလေးဆိုတော့ နိုက်ကလပ်၊ ဒေးကလပ်တွေမှာကတဲ့ အကတစ်မျိုးကိုလည်း သင်မပေးရဘဲ
တတ်ထားပြန်တယ်။
ရင်ဖုံးအကျီ
င်္၊ ချည်ထမီလေးတွေဝတ်ရင် သိပ်လှတဲ့ဟန်နီဟာ မီနီစကတ်၊ အကျီ င်္လက်ပြတ်တွေဝတ်ရင်လည်း သိပ်ဟော့ထ်တာပဲလို့
သူ့ကိုယ်သူထင်တတ်သေးတယ်လေ။
ဟန်နီဟာ
တော်တော်ခက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး တော်တော်လွယ်တဲ့ကောင်မလေးတစ်ယောက်လည်း ဖြစ်တယ်။
ခေတ်ပေါ်မိန်းမပျိုကလေး
ဟန်နီဟာ ခေတ်ပေါ်မိန်းကလေးတို့ထုံးစံအတိုင်း မှီမှီကမ်းကမ်း/ မမှီမကမ်း (ဘယ်လိုပဲဖြစ်ဖြစ်)
ခေတ်ပေါ်ကဗျာတွေနဲ့ ခေတ်ပေါ်ကဗျာဆရာအချို့ကိုလည်း ကြိုက်ပါသေးသတဲ့
ခေတ်ပေါ်ကဗျာဆရာလေးတွေနဲ့
တွေ့ပြီဆိုရင် ခေတ်ပြိုင်ကဗျာအာရုံခံစားမှု၊ စံသွေမှု၊ ဒီဖရက်ဂ်မန်တေးရှင်း … အစချီပြီး
ဟန်နီဟာ အပြိုင်အဆိုင်ပြောတော့တာပဲ။
“အိုင်က
တော်ရုံတန်ရုံလောက် ဖတ်တာမဟုတ်ဘူး … တိုးနှောင်မိုးမှ၊ ဥတ္တရာအောင်မှ၊ အိုအောင်မှ၊ ပိုင်မှ၊
ဝိုင်ချိုမှ ကဗျာဆရာထင်တာ၊ သူတို့ကဗျာဆိုမှဖတ်တာ” ဆိုတဲ့ ဟန်နီဟာ ခေတ်ပေါ်မိန်းကလေးအသုံးအဆောင်
ပစ္စည်းတွေကိုတင်မဟုတ်ဘဲ ခေတ်ပေါ်လူ့အသုံးအဆောင်ဖြစ်လာတဲ့ ခေတ်ပေါ်ကဗျာတွေနဲ့ပါ တရင်းတနှီးနေထိုင်တယ်။
ဟန်နီဟာ
ဟန်နီဖြစ်လို့၊ ဟန်နီဟာ သူကိုယ်တိုင် ခေတ်ပြိုင်နိမိတ်ပုံတစ်ခုဖြစ်နေလို့၊ ဟန်နီ့ဆီမှာ
ကောင်းတာရော ဆိုးတာရော အမြွှာအဖြစ်ရှိနေလို့၊ ဟန်နီဟာ အခုတစ်မျိုး တော်ကြာတစ်မျိုး နှစ်မျိုးပဲရှိတဲ့
မိန်းကလေးဖြစ်လို့၊ ဟန်နီ့ကို ကြည့်ရင်းကြည့်ရင်း ဟန်နီဟာ ခင်ဗျားနဲ့တူလာသလိုလို ကျွန်တော်နဲ့တူလာသလိုလို
ဖြစ်နေလို့။
ကဗျာဆရာရဲ့
ရည်ညွှန်းအမျိုးသမီး ဟန်နီဟာ “ရက်စက်တဲ့ဟန်နီ” “ညဥ့်ငှက်မလေးဟန်နီ” မဟုတ်ကြောင်း
ခင်ဗျားတို့ သိထားပြီးဖြစ်သလို ဟန်နီဟာ မိန်းမတစ်ယောက်ဖြစ်တဲ့အကြောင်းလည်း ခင်ဗျားတို့သတိတရရှိပေးဖို့
လိုအပ်ပါပေတယ်။
၂ - စက်တင်ဘာ - ၂၀၁၀
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
[ အမှတ် (၁၁၀) ၊ ဇန်နဝါရီလ ၊ ၂၀၁၂ ခုနှစ် ]
[ အမှတ် (၁၁၀) ၊ ဇန်နဝါရီလ ၊ ၂၀၁၂ ခုနှစ် ]
No comments:
Post a Comment