ငါ့ကိုယ်စောင့်နတ်
- သူရဿဝါ -

“သူတို့
အသစ်တဖန်ဖြစ်ပြီ
သူတို့
ပြန်လည်မွေးဖွားကြပြီ”
အဲဒီမှာ
……
ရော့ခ်ဂီတကို
ပန်းလိုပန်ထားတဲ့မိန်းမ
သံစဉ်တဟုန်းဟုန်းနဲ့
ပွင့်လို့ လှလို့
ငါတို့
လှိုင်းတွေလို တုန်ခါယိမ်းထိုးကြ
ငါ့ကိုယ်စောင့်နတ်သမီး
ငါ့ကိုသီချင်းတွေဆိုရင်းပြုစားပါ
ငါ့ကိုဂီတအသစ်နဲ့အသက်သွင်းပါ
ငါ့ကိုညှို့ပါ
……. ငါ့ကိုညှို့ပါ
ရူးပြီ
…… ငါဟာ
ကောင်းကင်နဲ့အပေါက်ခံရတဲ့
ပန်းတစ်ပွင့်ဖြစ်သွား
ကျိန်စာနဲ့ကဝေလက်သည်းထဲ
တရစ်ချင်း
တလွှာချင်း ပျော်ဝင်လူးလွန့်သွား
ပိုးမွှားဗိုင်းရပ်စ်များ
ငါ့ကို အော်ဟစ်ခေါ်ငင်ကြတယ်
နတ်သမီးရေ
….. ဒါကိုပဲ ငါတောင့်တခဲ့မိတာပါ
ယုံကြည်သက်ဝင်ရာဂီတကို
တံခါးခေါက်တယ်
ငါ့ကိုယ်စောင့်နတ်ဖုရားမ
သီချင်းတွေဆိုရင်း
ကိုယ်ထင်ပြတယ်
ငါတို့ဟာ
စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ
နတ်သမီးရဲ့အသံက
ငါ့နားထဲဖိတ်လျှံကျတဲ့အခါ
အဲဒီတေးတစ်ပိုင်းတစ်စနဲ့
ငါ…… ကပါတယ်
…………………….
ငါ့ကိုယ်စောင့်နတ်သမီး
ကိုယ်စောင့်နတ်သမီးရေ
……..
ငါတို့ဟာ
စိတ်ချင်းဆက် အသက်ဇီဝဖြစ်တယ်
အဲဒီမိန်းမဟာ
ရော့ခ်ဂီတကိုပန်းလိုပန်ထား
သံစဉ်တဟုန်းဟုန်း
…… ငါမရုန်းပါဘူး
ညှို့ပါ
ငါ့ကိုညှို့ပါ
ငါ့ကိုယ်စောင့်နတ်ဖုရားမ
အသစ်တဖန်မွေးဖွားနိုးထလာတယ်။
။
ဝန်ခံချက် ။ ReviveR ၏ “ငါ့ကိုယ်စောင့်နတ်” သီချင်းခွေအား ခံစားဂုဏ်ပြုရေးသား
၊
၁၀ - ဇူလိုင် - ၂၀၁၀
No comments:
Post a Comment