“ကျွန်မနဲ့ မောင်နဲ့ အခုတလောနဲ့”
ရှင့်ကိုချစ်ရတာလေ ..
ကိုယ့်လက်သည်းကိုယ် ပြန်ဆိတ်နေရသလိုပဲ မောင်ရယ်
ခက်တယ်၊ ကျွန်မ မကြိုက်တာတွေ အများကြီးထဲမှာမှ
မောင်ကဘာလို့ ကျွန်မ မျက်နှာမလွှဲပစ်နိုင်တဲ့ အရာဝတ္ထုဖြစ်နေရတာလဲ
အခု … ကျွန်မနဲ့မောင် ဘယ်ဘ၀ရောက်ချင်ယောင်ဆောင်နေရမယ်
တကယ် .. မသိရိုးအမှန်ပါကွယ်
ရှင့်ကိုကျွန်မ ဘယ်လောက်အထိ တွယ် … ငြိ
ကျွန်မက ကြယ်ကြည့်သူသက်သက်ပဲလား မောင်
အချစ်ဆိုတာ … အချစ်အကြောင်းဆိုတာ
ရိုမီယိုနဲ့ ဂျူးလီးယက်လည်းမဟုတ်၊
အသည်းအသန်လိုက်ရှာနေရတဲ့ ကမ္ဘာဦးကနံရိုးလည်းမဟုတ်ဘူး
မောင်က မောင်ပဲ၊ ကျွန်မက ကျွန်မပဲ
မောင်နဲ့ ကျွန်မ အတူတူရှိနေချင်တာ အချစ်ပဲ
မရယ်ပါနဲ့မောင်ရယ် …
အိပ်မက်ဆိုတာ အပြင်ကအကြောင်းကိုပဲ ပြန်တွေ့ရတာမဟုတ်လား
ကျွန်မအပေါ် ရှင့်စိတ်ဝင်စားမှုက
ရှင်ဖတ်လက်စ စာအုပ်တစ်အုပ်သာသာပါ …
ကျွန်မ သိတာပေါ့ မောင်
ရှင် ဆက်ပြီးမဖတ်ချင်လို့ ခေါက်ထားလိုက်တဲ့ စာရွက်ထိပ်ပိုင်းလေးက ကျွန်မပဲဆိုတာလေ
ရှင်သိပ်ကြိုက်တဲ့သီချင်းထဲကစာသားဟာ ကျွန်မအကြောင်းမဟုတ်ဘူးဆိုတာလေ
သိပ်သိတာပေါ့ မောင်ရယ် …
ကျွန်မ ရှင့်ကိုဒေါသထွက်ရင် ကျွန်မနှုတ်ခမ်းတွေဖိကိုက်ထားရလွန်းလို့ နာကျင်
ရှင့်ဒေါသထဲမှာကျရင်တော့ ကျွန်မက
ရှင် .. လေနဲ့မှုတ်ထုတ်ပစ်ရုံနဲ့လွင့်သွားမယ့် ပုရွက်ဆိတ်ကလေးတစ်ကောင်လိုမျိုး
ခေါက်ရိုးကျိုးပြီးသား စက္ကူငှက်ရုပ်ကလေးလိုမျိုး
ရှင် ၀တ်နေကျ ခြေအိတ်လောက်တောင်
ရှင့်စိတ်ထဲ ကျွန်မက အဖြူအမည်းမသဲကွဲဘူးလေ
ကျွန်မ စိတ်လျှော့လိုက်ပါပြီ မောင်ရယ် …
ရှင်ကလွဲရင် ကျန်တဲ့ ရှင့်အကြောင်းမှန်သမျှကိုပေါ့
အရင်ဘ၀က ကျွန်မဘာတွေလုပ်ခဲ့မိသလဲ
မောင်နဲ့ကျွန်မ ဖူးစာက ပြတ်တောက်ပြတ်တောက်ဖြစ်နေအောင်
မောင့်အိပ်မက်တွေထဲ ကျွန်မ ၀င်လိုက်ထွက်လိုက်ဖြစ်နေအောင်
သိပ်ခက်တာပဲ …. မောင်
ဒီလိုနဲ့ပဲ ကျွန်မမှာ လတ်တလော နတ်ဆိုးတွေလက်ထဲက မလွတ်မြောက်နိုင်
ကျွန်မနဲ့ မောင်နဲ့ အခုတလော ကကြိုးကကွက်များနဲ့ ……. ။ ။
သူရဿဝါ
ဇူလိုင် ၂ ရက် ၊ ၂၀၁၀ ခုနှစ်
ကျွန်မ စိတ်လျှော့လိုက်ပါပြီ မောင်ရယ် …
ReplyDeleteရှင်ကလွဲရင် ကျန်တဲ့ ရှင့်အကြောင်းမှန်သမျှကိုပေါ့
မှန်၏ မှန်၏
သူကလွဲရင် သူ့အကြောင်းမှန်သမျှ စိတ်လျှော့ထားတယ် :D
မောင်က အခုတလော ကမ္ဘာ့ဖလား ဇောကပ်နေတယ် ရှိမယ်
ReplyDeleteမှန်၏ အိပ်မက်ဆိုတာ အပြင်ဘက်က အကြောင်းအရာတွေချည်း ပြန်မြင်နေရတာ :)
ReplyDelete