Thursday, July 01, 2010

၂၁ရာစုဟာ အင်္ဂုလိမာရ်နတ် အစရှိများနဲ့ ရှေးခေတ်ရာဇဝင်ထဲကအတိုင်း


“၂၁ရာစုဟာ အင်္ဂုလိမာရ်နတ် အစရှိများနဲ့ ရှေးခေတ်ရာဇဝင်ထဲကအတိုင်း”


ငါ့ပါးစပ်ကြီး “ဟ” မထားပါဘူးဆိုတော့လည်း မဟုတ်၊ ဒါဖြင့် ငါမှားခဲ့တယ်ဆိုတော့လည်း လက်ဖြန့်မပေး၊ “ဘူး .. ဘူး .. ဘူး ..” နဲ့ လူဖြူလူမည်း ခွဲခြားသလိုပေါ့။
ဘယ်တော့မှ မရပ်ဘဲ အမြဲတလိမ့်လိမ့်ဖြစ်နေတဲ့ လူ့ဒလိမ့်တုံးတွေ။
အရင်တုန်းက ဟိုဖက်ဂူနံရံမှာရေးတဲ့စာနဲ့ ဒီဖက်ဂူနံရံမှာရေးတဲ့စာကို နက်ဝက်ခ်လှမ်းချိတ်လို့မရဘူး၊ ကော်မန့် ပေးချင်ရင် ပါးစပ်နဲ့ပဲ သယ်ဆောင်သွားကြ။
မင်းကုသလည်း ပပဝတီနဲ့ အင်တာနက်ထဲမှာ စကားပြောခွင့်မရခဲ့ရှာ … လေသာဆောင်ရှေ့ကနေပဲ ငေးကြည့်၊ သူတို့ မီဒီယာကျင့်ဝတ်ကိုမသိဘူး၊ ဒိုလ်ဘီဒစ်ဂျစ်တယ်လ်ကို မသိဘူး၊ အကယ်ဒမီတစ်ပြေးစာရင်းကိုမသိဘူး၊ ဖြူဖြူကျော်သိန်း၊ ပိုစ့်မော်ဒန်၊ ပရီးမီးယားလိဂ်၊ ရှာရာပိုဗာ၊ တိုက်ဂါးဝုဒ်အရှုပ်တော်ပုံ … ဘာဆိုဘာမှမသိဘူး။
အထူးအဆန်းမှန်သမျှက ၂၁ ရာစုမှာပေါ့၊ ၂၀၁၀ မှာပေါ့၊ ဟောဒီ ခေတ်သစ်ကြီးထဲမှာပေါ့။
ရာဇဝင်ထဲကမိန်းမသားတွေရှိ၊ ရာဇဝင်ထဲက ရာဇဝတ်သားတွေရှိ၊ တောင်စွယ်နေကွယ်လည်းရှိသလို အင်္ဂုလိမာလတွေလည်းရှိ၊ မာရ်နတ်တွေလည်းရှိ၊
ခေတ်သစ်ဟာ ပုံတူမျိုးပွားစနစ်ကိုလည်းကျွမ်းတော့၊ အသွေးအသားရောနှောမှုအတတ်ပညာမှာလည်း တစ်ဖက်ကမ်းခတ်ပြန်တော့ …. အင်္ဂုလိမာလနဲ့ မာရ်နတ်အရောအနှော “အင်္ဂုလိမာရ်နတ်” များလည်း ပေါတယ်။
ရေစိုအကျီင်္မှာကပ်တဲ့ ဖားဥတွေပေါသလိုမျိုး၊ ကွမ်းယာဆိုင်တွေပေါသလိုမျိုး၊ အိမ်ပြန်ကားခမရှိသူတွေ ပေါသလိုမျိုး၊ ပေါပေါလောလောကို ပေါနေတာ။
သူတို့တွေက ဗို့အားလည်းပြင်းတယ်၊ မြင်းကောင်ရေလည်းများတယ် .. ဆိုတော့ တဝှီးဝှီးလည်နေနိုင်သပေါ့။
သူတို့ကိုထိုးတဲ့လက်ညှိုးမှန်သမျှကို သူတို့က .. အင်္ဂုလိမာလတွေက ဖြတ်တယ်၊ ပြီးတော့ … တွေ့ကရာလူကို လက်ညှိုးတွေနဲ့ ပြန်ပစ်ပေါက်တယ်၊ သူတို့လက်တွေကျတော့ အမြဲတမ်း အင်္ဂါအစုံအလင်နဲ့။
မာရ်နတ်မင်းများမှာဆိုရင်လည်း လက်ရုံးတစ်ထောင်မက၊ နှစ်ထောင်မက .. မရေမတွက်နိုင်အောင်ရှိပြီး၊ အဲဒီ လက်တွေကိုလည်း လက်မလည်အောင် အသုံးချနိုင်ပြီး …. လူအယောက်ပေါင်းများစွာကိုလည်း အင်္ဂုလိမာလ သဘောကျအောင် လက်ထောက်ချနိုင်ပါတယ်။


(အိမ်မှာမဟုတ်ဘဲမက်ရတဲ့အိပ်မက်ဆိုတော့ အမေ့သားမှာ နည်းနည်းပါးပါးအထိအခိုက်များတာပေါ့ အမေရယ် …. ထားပါ၊ အမှိုက်ရှင်းချင်ရင်တော့ အပေအတေကြောက်လို့မရဘူးဆိုတာ သားလည်းသိလာခဲ့)
ဆက်ပြောရအောင် … ဆိုတော့ ငါလည်းအတူတူပါပဲ။
ငါ မရှိရင်သေတော့မလောက် အသက်ကယ်ဆေးမျိုးလည်းဖြစ်ခဲ့ဖူး၊ အချိန်ပြည့် လှမ်းအဆွဲခံရတဲ့ ကောက်ရိုး တစ်မျှင်လည်း ဖြစ်ခဲ့ဖူး၊
အခုတော့လည်း … ငါက အန္တရာယ်များတဲ့ လောင်စာလိုလို၊ ငါရှိနေရင်ပဲ လူ့အဖြစ်ဟာ မပီသတော့သလိုလို၊ ငါကပဲ မှိုတက်နေတဲ့ ပေါင်မုန့်လိုလိုနဲ့။
ကဲ … ပြောပါ၊ ရာဇဝင်ထဲကဘယ်သူ ငါနဲ့တူသလဲ …..
(တော်ပြီ၊ ဘာမှလာမပြောပါနဲ့၊ မင်းတို့ ပါးစပ်တွေ Shut up လုပ်ထားလိုက်၊ ဒါမှမဟုတ်ရင် ငါ Shutdown လာလုပ်မိလိမ့်မယ် … မင်းတို့ရဲ့ လူသတ်ပေါက်တွေ၊ စကားလုံးသင်္ချိုင်းကြီးတွေကို)
အခု ၂၁ ရာစုမှာ … ဘာတွေဖြစ်နေတယ်၊ ဘယ်သူတွေ တောင်စွယ်နေကွယ်လို့ ဘယ်နားမှာ ပေါက္ခရဝသမိုးတွေ ရွာသွန်းတယ်၊ ၂၁ ရာစုဟာ ရာဇဝင် ဝတ်စုံဟောင်းကို ပြန်ဝတ်ပြလို့။
ကြည့်ပါဦး .. တစ်ယောက်ပြီးတစ်ယောက် ငါ့ရှေ့၊ ခင်ဗျားရှေ့၊ သူသူငါငါရှေ့ ထွက်ချလာလိုက်တာ ….
ဒေဝဒတ်များ၊ အဇာတသတ်များ၊ ငရမန်ကန်းများ၊ အစွယ်လိုသူ မိဖုရားများ၊ နောက်ပြီး …. ငါကိုယ်တိုင်၊ ခင်ဗျားကိုယ်တိုင်၊ သူသူငါငါများကိုယ်တိုင် … ထွက်ချလာလိုက်ကြ
၂၁ ရာစု လမ်းမဟာ “ဝတ်လစ်စလစ်စိတ်” နဲ့ အခု …
၂၁ ရာစုကို ရာဇဝင်သမိုင်းကြောင်းများ ခုန်ထွက်လာခဲ့ … အခု …
ဒီလိုနဲ့ ငါ့ရေးနည်းရေးဟန်အတိုင်း ရာဇ၀င်အရိုင်းအစိုင်းတွေအကြောင်း သောင်းပြောင်းထွေလာ ။           ။




သူရဿဝါ
ဇူလိုင် ၁ ရက် ၊ ၂၀၁၀ ခုနှစ်

No comments:

Post a Comment