“ လွင်ပြင်ဂီတ ”
“ကချေသည်ရဲ့ဗျပ်စောင်းတစ်လက်နဲ့
မီးလျံပန်းပွားတွေ ပျောင်းသွဲ့လွန့်လူး
နတ်ဘီလူးတစ်သောင်းက
ဂီတတစ်ပုဒ် ထုဆစ်လိုက်ကြတယ်”
နှင်းဆီဝါရေ. . . ဟောဒီလွင်ပြင်ရဲ့ဂီတမှာ ငါ တသုန်သုန် “က”နေလိုက်ချင်ရဲ့
မိုးးတိမ်တွေဖြန့်ချထား. . . အနီရောင်မိုးတိမ်တွေဖြန့်ချထားပါ
နတ်ဆိုးတို့ရဲ့ ခရုသင်းသံတွေကြားမှာ မီးလျံပန်းပွားတွေ ပျောင်းသွဲ့လွန့်လူးလို့
ဒါဟာ. . . ဘယ်လိုဂီတသံစဉ်လဲကွယ်
ငါ့ကိုယ်ငါ အသွင်ပြောင်းပစ်လိုက်ရတဲ့ည . . . .
လျှပ်ပန်းလျှပ်နွယ်တို့ ၀ိုးဝိုးဝါးဝါးအုပ်ဆိုင်းတဲ့ည. . .
ဒီလိုညမှာပေါ့နှင်းဆီဝါရယ် . . . ငါ. . .
ငါ့အတ္တကိုအုပ်မိုး ပျိုးပျိုးလက်လက် “က”နေခဲ့ပါတယ်
“မြားတစ်စင်းကို
ညှို့ကလွှတ်ပြီးမှ
ပြန်ချော့ခေါ်လို့မရဘူးကွဲ့”
ငါ့ရဲ့ဦးတည်ရာကဘာလဲ. . .
ငါဘယ်ကိုသွားနေခဲ့တာလဲ. . .
တကယ်တော့ မြားတစ်စင်းရဲ့ သူရဲကောင်းဆန်သောအပြုအမူဆိုတာ. . . ငါမသိနိုင်ခဲ့ဘူးကွယ် “တေးဆိုနေတဲ့မိုးတိမ်တွေ ရပ်တန့်ကြ” . . . အဲဒီလိုလည်း ထွင်းဖောက်မသွားနိုင်ကြဘူး
ညှို့က လွှတ်တဲ့မြားပါပဲ. . . ဒါပေမယ့် ကျရှုံးခဲ့တယ်. . .
နှင်းဆီဝါရေ . . . ငါဟာ ညှို့ဆီကိုပြန်လာချင်စိတ်မရှိသော. . . ပြန်လည် မတမ်းတရဲသော. . .
သေဆုံးပျက်ယွင်း “မြား”တစ်စင်းပါပဲ။
“တစ်ယောက်တစ်ပေါက်နဲ့
သေမလောက် ဝေး. . .ခဲ့. . .ကြ”
“ပန်းခေတ်ယဉ်ကျေးမှုတစ်ပိုင်းတစ်စနဲ့
ပန်းရိုင်းမလေး နှင်းဆီဝါရယ်. . .
မလွမ်းချင်ဘူးဆိုပြီး. . .ငါ
. . . လွမ်းတယ်. . .”
ဒီကမ္ဘာမှာတော့ . . . ငါဟာ ပြန်လည်ရှင်သန်ခွင့်မရှိတော့တဲ့ လိပ်ပြာတစ်ကောင်ပါ
ငါဆိုတဲ့ အင်းဆက်ပိုးမွှားဆီကိုမှ နင့်ရနံ့တွေ (ခဏလေး) စီးလွင့်ပျံ့ကျလာခဲ့တာ. . .
ဝတ်မှုန်ကူးသော လေထုထဲကရနံ့တွေ. . .
ပန်းရိုင်းမလေးရဲ့ မထီတရီပွင့်ဖတ်နှုတ်ခမ်းတွေ . . . ဆာ. . . တယ်
ပန်းတွေသွန်းခဲ့ ပျိုးခဲ့သော လက်အစုံမှာ နှင်းဆီဝါကိုပေးချင်တဲ့လက်ဆောင်ကလေး. . .
နင့်ရဲ့ ငြင်းပယ်လိုက်သောမျက်ဝန်းတွေအောက် ပျောက်သွားတယ်
ပန်းခေတ်ထဲက ပန်းရိုင်းမလေးရေ . . . မလွမ်းချင်ဘူးဆိုရင်းက ငါပဲ လွမ်းနေရပြန်တယ်
“ကြောက်စရာကောင်းလိုက်တာ
ပညာတွေ ဘယ်နှစ်ခန်းလွန်ခဲ့ပြီလဲ
အသည်းတစ်ခြမ်းပဲ့ပါသွားမှ
စုန်းမမှန်းသိလိုက်ရတယ်”
ပြောစရာမရှိတော့ပါဘူး . . . ဝေးလွင့်ကွယ်ပျောက် . . . .
ပြောလို့မရလောက်အောင် ငါ့အသံတွေပါကွဲအက်ေ၀၀ါး . . . .
အဲဒါနင်ပြုစားခဲ့တာပါ နှင်းဆီဝါရေ . . .
နင်မြင်ဖူးချင်တယ်ဆိုရင် ရင်ဘတ်တစ်ခြမ်း “ပျောက်” သွားတဲ့ကောင်ကိုပြပါ့မယ်
ပူလောင်ပြင်းပြမှု. . . နာကျင်ရှတမှု. . . ဘာတစ်ခုမှမသိလိုက်ရဘဲ သေသွားတဲ့ကောင်လေ
ခဏလေးပါပဲ . . .ရောင်စုံသက်တန့်တွေ. . . နတ်သမီးအပြုံးတွေ . . .
ပန်းဥယျာဉ်ကြီးတစ်ခုလုံးရဲ့ ရင်ဘတ်ကိုခွာချလိုက်သံတွေ . . . မျောလွင့်သွားတာတွေ . . . ခဏလေးမြင်လိုက်ရပြီးနောက် ငါကိုယ်တိုင် မမြင်နိုင်ခြင်းတွေအောက် . . . ငါရောက်သွားတယ်
နင်ဟာ “တကယ့်ကို” လှလှပပစုန်းမတစ်ကောင်ပဲ နှင်းဆီဝါ . . . . .
“တိမ်ဖြူလွလွတွေကတော့
ကျပ်ခိုးမစွဲကြပါဘူး
ကိုယ့်မှာပဲ
တမြေ့မြေ့ပြာ. . .ကျ”
ပြီးဆုံးသွားတာတွေတောင်မဟုတ်ဘူး. . . အရာအားလုံး အသစ်ကနေပြန်စသွားတာ. . .
အခုထိ မီးလျှံတွေကြာမှာ ငါ. . . “က” နေတုန်း
ကြေကွဲလောင်မြိုက် “က” နေတုန်း. . . နတ်ဘီလူးသံစဉ်နဲ့ ဖွာလွင့်နေတုန်း . . . .
“လွင်ပြင်ဂီတ” မှာ တစ တစ ပြာကျသွားသူ . . . .
ကောင်မလေးရေ. . . နှင်းဆီဝါရေ. . .
ငါ့ရင်ထဲကနေ နင့်ကိုယ်နင် သေဆုံးပစ်လိုက်တယ်ဆိုတဲ့အသိမှာတင်
ငါကိုယ်တိုင်ပါ သေ . . . ဆုံး . . .
သွား . . . .
ခဲ့ . . . . .
တာ . . . . . . ။
(ရိုးရာ ရေးသားသော “လွင်ပြင်ဂီတ” ကဗျာအား ပြန်လည်ခံစားရေးဖွဲ့ပါသည်)
သူရဿဝါ
ကဗျာတွေလာဖတ်သွားတယ်ကဗျာဆရာ
ReplyDeleteစကားလုံးလေးတွေ အရမ်းကောင်းတယ်...း)
ReplyDeleteခင်မင်တတ်တဲ့
ဏီလင်းညို