`ဒုက္ခစီးကြောင်း´

ဒုက္ခပါပဲ
ပန်းတစ်ပွင့်သတ်လို့
ငါအသက်ရှူရပ်နေရပုံ
မုန်တိုင်းမလာခင်
လေပြည်ခပ်ကြမ်းကြမ်းကအရင်
ဒုက္ခပါပဲကွယ် …..
မနူးညံ့တဲ့ပန်းဟာ
ငါ့ရင်ဘတ်ကို လာလာနမ်းတယ်
တကယ်တော့
နင့်ကိုငါ မတွေ့ဘူးဆိုတာ
နင်က ငါ့ကိုမကြည့်လို့ပါပဲ
`အဝေး´ ဖိနပ်ကိုစီး
ငါ့ခရီးက ဘယ်လဲ
ငါက ……
အိုအေစစ်မရှိတဲ့ သဲကန္တာရလို
ယောက်ယက်ခပ်နေ
ဒုက္ခပါပဲ
သူတစ်ခြားကိုချစ်ရတာ
ကိုယ့်လက်မောင်းသွေးကိုယ်
ပြန်ဖောက်ထုတ်နေရသလိုပဲ
တဆစ်ဆစ်နဲ့ …….
ဘယ်တော့မှ မမေ့ကြဘူးဆိုရင်
အဲဒါ …. ဘယ်တုန်းကမှ မတွေ့ခဲ့ကြလို့ပဲဖြစ်မယ်
ကော်ဖီခွက်ထဲ
အထီးကျန်ပိုးမွှားတွေပဲရှိတယ်
လက်မတင်လေး …. နီးကြတော့မလို့
ဒုက္ခပါပဲ
ပွင့်ဖတ်တွေနဲ့ အပေါက်ခံရတာဆိုတော့
မနာဘူး …. ဒါပေမယ့်
ဝမ်းနည်းရတယ်
ပန်းပွင့်အစား ၀တ်မှုန်လေးတွေကို သနားမိ
ငါ့ ….. ဆိတ်ငြိမ်သော ကြေကွဲခြင်းမှာ
နင့်မျက်နက်ဝန်းတွေ အချိုးကျ
ဒုက္ခပဲကွယ်
ငါကလည်း နင့်ကိုမှ …..
လောကအကျယ်ကြီးထဲ
ပြေးရင်းလွှားရင်း
နာရီကိုကြည့်မိတော့
နာရီလက်တံတွေ စိတ္တဇရောဂါရနေ … ရပ်နေ
မြင်နေကျအရိပ်တွေက
မြင်နေကျအတိုင်းမဟုတ်ဘဲ
တွန့်ခေါက်ပြတ်ရွေ့
ဘယ်သူ ….. ငါ့ကိုတွေ့သလဲ
အိပ်မက်ထဲက
စစ်တုရင်ရုပ်မလေး
ငါ့ညတွေထဲအနှံ့
လေထုထဲပျံ့လို့ ……
ဒုက္ခပါပဲ
မုန်တိုင်းကတော့ ဘယ်တုန်းကမှရောက်မလာဘူး
ဒါပေမယ့်
မုန်တိုင်းပွင့်ဖတ် အခြွေအရံတွေက
အမြဲ …. လေစီးသန်တယ် ။ ။
ယခုကဗျာ၏ ခေါင်းစဉ်ကို `ကဗျာဆရာ ကိုဇာတိ´ မှကျေးဇူးပြုပါသည်။
သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
မနူးညံ့တဲ့ပန်းဟာ ငါ့ရင်ဘတ်ကို လာလာနမ်းတယ် တကယ်တော့ နင့်ကိုငါ မတွေ့ဘူးဆိုတာ နင်က ငါ့ကိုမကြည့်လို့ပါပဲ ကော်ဖီခွက်ထဲ အထီးကျန်ပိုးမွှားတွေပဲရှိတယ် လက်မတင်လေး …. နီးကြတော့မလို့ ဒုက္ခီးကြတော့မလို့ ဒုက္ခပါပဲ
ReplyDeleteငါ့ ….. ဆိတ်ငြိမ်သော ကြေကွဲခြင်းမှာ နင့်မျက်နက်ဝန်းတွေ အချိုးကျ ဒုက္ခပဲကွယ် ငါကလည်း နင့်ကိုမှ …..
<<--- ရေရေလည်လည် ခိုက်တယ်း-)