- ၁ -
မင်းစိုမှာစိုးလို့ မိုးပေးချင်တာတောင်
ကိုယ့်မှာ ထီးတစ်လက်မရှိပါကွယ်။
- ၂ -
သီချင်းတစ်ပုဒ်ကိုပဲ ထပ်ခါတလဲလဲ
“အဆိပ်တွေလား အချစ်လို့ယုံမှားစွာငါသောက်ခဲ့”
“အဆိပ်တွေလား အချစ်လို့ယုံမှားစွာငါသောက်ခဲ့”
ထပ်ခါတလဲလဲ ရွတ်ဆိုမိတယ်။
- ၃ -
လွမ်းဆွတ်ခြင်းကို မင်းက စနစ်တကျလွှင့်ပစ်တတ်တယ်။
ငါမပါသော မင်းရဲ့အိမ်ပြန်လမ်းက
ပိုပြီးသာယာနာပျော်ဖွယ်ကောင်းနေမှာ အမှန်ပဲမဟုတ်လား။
- ၄ -
မင်းက အတ္တကြီးတယ်ဆိုရင်တောင်
ငါက အဲဒီအတ္တကို ကောင်းမွန်စွာသယ်ဆောင်နိုင်သူ မဟုတ်ဘူး။
- ၅ -
ဝေး ဝေး ဝေးပြီးရင်းဝေး
ဘယ်လိုနတ်ဘုရားရဲ့ ဒဏ်ခတ်မှုမျိုးပါလဲ။
ဘယ်လိုနက္ခတ်တွေရဲ့ မှားယွင်းမှုမျိုးပါလဲ။
- ၆ -
မင်းဘဝရှေ့ရေးက ပထမ
ငါ ဒုတိယလည်းမဖြစ်ခဲ့ဘူး။
မင်းကိုယ်ရေးကိုယ်တာက ဒုတိယ
ငါ တတိယလည်း မဖြစ်ခဲ့ဘူး။
မင်းသူငယ်ချင်းတွေက တတိယ
ငါ အဲဒီနောက်မှာလည်း မရှိခဲ့ပြန်ဘူး။
အတူတူလောက်ပါပဲကွယ်
ငါကမင်းကိုပျောက်ဆုံးနေသလို
မင်းလည်းငါ့ကို ဖျောက်ဖျက်ပစ်နေခဲ့တာမဟုတ်လား။
- ၇ -
အဆင်မပြေခြင်းများ
- ၈ -
အဆင်မပြေခြင်းများ
- ၉ -
အဖန်ဖန်တလဲလဲ အဆင်မပြေခြင်းတွေ
ငါတို့နှစ်ယောက် အဲဒီလိုနဲ့ပဲ
တဖြည်းဖြည်း
ဝေးသွားကြလိမ့်မယ် ထင်ပါရဲ့ကွယ်။
သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment