Wednesday, February 13, 2008


အနားမှာမရှိတဲ့ နှုတ်ခမ်းလေးတစုံအတွက်
ဒီည ဘယ်လိုအိပ်မက်မျိုးနဲ့သင့်တော်မလဲ။

ပြင်းပြင်းရှရှသတိရမှုဟာ
မမျှတတဲ့ညတာရှည်မှုကို
တစ်မိနစ်ချင်း ခြွေခြွေချတယ်။

ငါရွေးချယ်ထားသင့်တာ
ဂစ်တာတစ်လက်လား
ဒါမှမဟုတ်
ခါးသက်သက်ကော်ဖီတစ်ခွက်လား
စဉ်းစားကြည့်လို့မရဘူး။

ပျင်းစရာကောင်းတဲ့ လွမ်းခန်းမှာ
နောက်ခံတီးလုံးမပါဘူး။
နောက်ခံသီချင်းမပါဘူး။

အစပ်အဟပ်မတည့်လှတဲ့ ရူးကြောင်ကြောင်အတွေးတွေရယ်
မျက်လုံးအကြောင်သားနဲ့လူတစ်ယောက်ရယ်ပဲ
အလွမ်းတွေကို မြည်းစမ်းပြီး
မိုးအလင်း ငုတ်တုပ်ထိုင်နေကြရှာတယ်။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment