Wednesday, August 25, 2010

စစ်မှန်သော အကြားအမြင် ဆိုသည်မှာ


            ကျွန်တော် အခုတလော စာတွေ အသစ်မတင်နိုင်ပါဘူး။ ဒိုမိန်းဝယ်ပြီးမှပဲ ဘာမှမရေးနိုင်ပြန်လို့ ပုံမှန် ဖတ်ချင်တဲ့ သူတွေကို အားနာပါတယ်။ ဒါနဲ့ ကိုယ်လည်း မရေးနိုင်သေးတဲ့ အတူတူ ကျွန်တော်ဖတ်ပြီး ကြိုက်မိတဲ့ ကိုမိုက်မိုက်ရဲ့ စာလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ မိုက်မိုက်ဟာ ကျွန်တော်နဲ့ Mysuboo မှာကတည်းက ဘလော့ဂ် ရေးဖော်ရေးဖက် အစ်ကိုတစ်ယောက်ပါ။ Mysuboo ကြီး ခေတ်ကောင်းစဉ် အခါတုန်းကဆို သူလည်း စုဘူးမင်းသားကြီး တစ်ယောက်ပါပဲ။ :P

“စစ်မှန်သော အကြားအမြင် ဆိုသည်မှာ”

စစ်မှန်တဲ့ အကြားအမြင်ဆိုတာ သူတော်စင်တွေမှပဲ သိနိုင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ကြည်လင်တဲ့ မှန်ရှေ့မှာ ကြည့်သလို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်လို့ပါ။ ဗုဒ္ဓဘာသာ သတ်မှတ်ချက်ရဲ့ သူတော်စင်ဆိုတာ အာသဝေါတရား ကုန်ခန်းနေတဲ့ ရဟန္တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘာလို့မြင်နိုင်လဲဆိုတော့ ငါဆိုတဲ့အစွဲ ကင်းသွားတာလည်း ပါပါတယ်။ အဲဒီတော့ စစ်မှန်တယ်ဆိုတဲ့ သူတော်စင်များဟာလည်း သူတစ်ဖက်သားရဲ့ ရှေ့ရေးနောက်ရေးကို စိတ်ဝင်စားမှု မရှိတဲ့အတွက် ထုတ်ဖော် ပြောကြားခြင်းလည်း သိပ်မပြုပါဘူး။ အကြောင်းတိုက်ဆိုင် ချွတ်ချိန်တန်မှသာ မသိမသာ မြွက်ကြားကြတာပါ။ အဲ့ဒါကြောင့် စစ်မှန်တဲ့ အကြားအမြင်မရှိဘူးဆိုတာဟာ မမှန်ဘူးလို့ ပြောလို့ရပါတယ်။
အဲ့ဒါဆို အခုအကြားအမြင်တွေကို မင်းဘယ်လိုဝေဖန်မလဲလို့ မေးလို့ရတယ်။ လိမ်တဲ့သူလည်း ဖြစ်နိုင်တာပဲ၊ နိမိတ်နဲ့ မျက်နှာရိပ် မျက်နှာကဲကိုကြည့်ပြီး ပြောကြသလို၊ တစ်ချို့ကတော့ မမြင်ရတဲ့ပုဂ္ဂိုလ်များရဲ့ အကူအညီနဲ့ ဟောကြတာပါပဲ။ အဲဒီနေရာမှာ မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို သူတို့က ဘာလို့မြင်နိုင်တွေ့နိုင်လဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။ သမာဓိကျင့်ကြံမှု အားကောင်းလို့၊ အကြောင်းတိုက်ဆိုင်လို့ ပရလောကနဲ့ ဆက်ဆံနိုင်ကြတာပါ။ အနာဂါမ်ဆရာသက်ကြီးရဲ့ တရားစခန်းတစ်ခုမှာ ၀ိပဿနာ ထိုင်နေတဲ့အထဲက တစ်ချို့သောသူတွေဟာ သမထတရားနဲ့ သမာဓိကို ပိုင်နိုင်သွားချိန်မှာ ထွက်ရပ်ပေါက်တွေကို ခေါ်ယူတွေ့ဆုံနိုင်ခဲ့ပါတယ်။ အဲဒီမှာ ဆရာသက်ကြီးက သတိပေးစကား ပြောကြားပါတယ်။ အဲ့ဒါဟာ စစ်မှန်သော အေးချမ်းမှုမဟုတ်၊ ရရှိလာတဲ့ စိတ်တန်ခိုးကို တလွဲနေရာမှာ အသုံးချတာပဲလို့ ပြောကြားခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီယောဂီဟာ အဲဒီလို ပရလောကနဲ့ ဆက်နွယ်ကူးသန်း ဆက်ဆံနေရတော့ ၀ိပဿနာ ဥာဏ်စခန်း တက်လှမ်းဖို့မှာ အတားအဆီးတွေ ဖြစ်လာလို့ပါပဲ။ မိုက်မိုက် တွေ့ရတဲ့ တစ်ချို့သော အကြားအမြင်ရတယ် ဆိုတဲ့သူများဟာ ပရလောကက သူများနဲ့ ဆက်သွယ်မေးမြန်းနိုင်တဲ့သူမျိုး ဖြစ်ပါတယ်။ ဥပမာ - သူ့ဆီကို သိချင်တာ သွားမေးတယ် ဆိုပါတော့၊ သူက မေးတဲ့သူနဲ့ဆိုင်တဲ့ ဆိုင်ရာပိုင်ရာနတ်တွေကို လှမ်းမေးပါတော့တယ်။ အဲဒီအခါမှာ မေးတဲ့သူရဲ့နောက်ကြောင်း၊ အခုလက်ရှိလုပ်နေတဲ့ဟာ၊ အဆင်မပြေတာ၊ ဖြစ်ချင်တာတွေကို အရိပ်အမြွက် သိလာရပါတယ်။ သူတို့ပေးတဲ့ ယတြာဆိုတာလည်း လူဆိုတာဟာ မသိပဲမှားတတ်တဲ့အတွက် မမြင်အပ်တဲ့ ပရလောကသားတွေကို စော်ကားမိတာတွေ ပြေစေလိုတဲ့သဘောနဲ့ ဖြစ်သလို၊ အဲ့ဒိမေးတဲ့သူရဲ့ ကံပွင့်နိုင်တဲ့ သူနဲ့ဆိုင်တဲ့ ပရလောကသားတွေက အကြံပေးတာတွေကိုလည်း အဲဒီ အကြားအမြင် ရတယ်ဆိုတဲ့သူများက ပေးခြင်း ဖြစ်ပါတယ်။
အဲ့ဒိလိုသူများကိုတော့ အကြားအမြင်ရတယ်လို့ မခေါ်နိုင်ပဲ ပရလောက အကူအညီနဲ့ ဟောတယ်လို့ မှတ်ယူနိုင်ပါတယ်။ တခြား အကြားအမြင်ရတဲ့သူ တချို့လည်း ရှိပါတယ်။ သူတို့က လောကီနည်းအရ ရရှိထားတဲ့အတွက် အစင်းရာပေါင်း မြောက်များစွာရှိတဲ့မှန်မှာ ပေါ်တဲ့အရိပ်ကိုဖတ်သလို တိကျမှုမရှိပဲေ၀၀ါးနေတဲ့အတွက် လောကီနည်းနဲ့ ရတဲ့ အကြားအမြင်သမားများရဲ့ စကားဟာ ရာနှုန်းပြည့် တိကျမှန်ကန်မှုမရှိနိုင်ပါဘူး။ ဒါဆို ချဲဂဏန်း အတိအကျ ပေးနိုင်တာကို ဘယ်လိုပြောမလဲလို့ မေးစရာရှိပါတယ်။ အဲ့ဒါကတော့ အဲဒီ ဂဏန်းထွက်ချိန်မှာ စိုးမိုးတဲ့ နက္ခက်၊ ဂဏန်းတွေကို ကြည့်ပြီးပြောတာလို့ ယူဆနိုင်ပါတယ်။ အကြားအမြင်ဆိုတဲ့ သူများရဲ့ ပြောစကားကို လေ့လာကြည့်ရင် များသောအားဖြင့် ကောင်းမယ်၊ ကောင်းလာမယ်၊ လောလောဆယ် ညံ့နေတာပါ ဆိုတဲ့စကားမျိုး များပါတယ်။ နဂို ကတည်းကမှ အားကိုးရာ ရှာနေတဲ့သူတွေအဖို့ကတော့ ကောင်းလာမယ်ဆိုတဲ့ စကားရဲ့နောက်မှာပါတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ ပါလာခြင်း ဖြစ်ပါတယ်။
စာရေးဖို့ စိတ်သိပ်မပါလို့ ဖတ်ရတာ ထောက်နေရင် ခွင့်လွှတ်ပါဗျာ။ အေးအေးဆေးဆေး သရဲအကြောင်းလည်း ရေးချင်ပါတယ်။ နဂိုလို သရော်ကလိတဲ့စာတွေ ရေးဖို့တော့ ဈာန်သွင်းနေတုန်းပဲ။ အိပ်မက်ကလည်း မြန်မာပြည်ကဆို ကျော်ခွဝင်နေရတာဗျ၊ လောလောဆယ် မိုက်မိုက်တောင် ခါးတောင် မြှောင်အောင်ကြိုက်လို့ သူတို့ကာထားတဲ့ ခြံစည်းရိုးကို ကျော်ခွတက်ပြီး ဒီစာတင်ရတာ.. ။


မိုက်မိုက်

1 comment:

  1. စိတ်ဝင်စားတယ် ဒီကလည်း အများကြီးကြုံဘူးတယ်။
    အမြင်ချင်းဖလှယ်ခြင်ပါတယ်

    ReplyDelete