“ဒါလေးတောင်မသိဘူးလားညီမလေးရာ”
နေ့လည်ဟာ ….. ငရဲဖြစ်တယ်
ကိုယ့်လက်တွေ တဆတ်ဆတ်တုန်ခါလို့
ကိုယ့်စိတ်တွေ လောင်မီးကျလို့
ကိုယ်ဘာဖြစ်တာလဲ ကိုယ်မသိဘူး
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ဒါလေးတောင်မသိဘူးလား
နေ့လည်ဟာ ငရဲဖြစ်တယ်
ကိုယ်တို့နှစ်ယောက်က ဝေးကွာ
အဝေးကြီးဝေးကွာသွားသလိုမြင်ရ
ကိုယ်က ညီမလေးကို စကားတွေပြောတယ်
ညီမလေးက ကိုယ့်ကိုစကားတွေပြောတယ်
ညီမလေးရယ်ခဲ့တာလေး …… ကြေကြေကွဲကွဲကြားရ
ပါးပေါ်ကမှဲ့နက်ကလေး …… ကြေကြေကွဲကွဲမြင်ရ
စကားတွေပြောရင်း စကားတွေဆွံ့အတယ်
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ညီမလေးဆီဘာလို့ဖုန်းဆက်တာ
ညီမလေးဟာဘာလို့ ကိုယ့်ကဗျာတွေထဲရောက်ရောက်နေတတ်တာ
ညီမလေးရင်ကွဲသံကို ကိုယ်ကဘာလို့ရင်ကွဲခံပြီးနားထောင်တာ
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
စိတ်ညစ်ရတာချင်းတူတယ်
ဒါပေမယ့် ကဗျာရေးတာနဲ့ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်တာ
မတူဘူး ….. တကယ်မတူဘူးညီမလေးရာ
ညီမလေးကသေချင်စိတ်ပေါက်တဲ့အချိန်မှာ
ကိုယ်ကသေချင်စိတ်ကိုဖျောက်တယ်
မတူပါဘူးညီမလေးရာ ……
ညီမလေးက ဘယ်သူနဲ့မှမတွေ့ချင်တဲ့အခါ
ညီမလေးက ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ
ကိုယ်က ညီမလေးနဲ့ပဲတွေ့ချင်တာ
ကိုယ်ကညီမလေးနဲ့ပဲစကားပြောချင်တာ
မတူဘူးညီမလေးရာ ….. ဒါလေးတောင်မသိဘူးလား
ဒီလို ……. ကိုယ်နဲ့မတူတဲ့ညီမလေးကို
ကိုယ်ကဘယ်သူနဲ့မှမတူအောင် ……… ချစ် ရ တာ
ညီမလေးရာ ….. ဒါလေးတောင်မသိဘူးလားဟာ
ဘယ်ကိုမှမသွားပါနဲ့ညီမလေးရယ်
သွားမယ်ဆိုလည်း ခဏလောက်နှုတ်ဆက်ပါ ညီမလေးရယ်
ခဏပဲနှုတ်ဆက်တယ်ဆိုလည်း ပြန်တော့လာပါ ညီမလေးရယ်
ပြန်လာမယ်ဆိုလည်း ကိုယ့်ဆီလာပါ ညီမလေးရယ်
ဘယ် ကို မှ မသွားနဲ့ညီမလေးရာ
အဲဒါ …… ကိုယ်ဘာဖြစ်နေတာလဲ
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ဖုန်းနံပါတ်ကလေးတွေကို လွမ်းနေရတော့မှာပဲဟာ
ညီမလေးရဲ့ “ဟွန့်” ကိုလွမ်းနေရတော့မှာပဲဟာ
လွမ်း နေ ရ တော့ မှာ ပဲ ဟာ
ညီမလေးက ဘယ်တော့ကိုယ့်အနားကိုပျံဝဲလာမှာ
ညီမလေးဓါတ်ပုံက ဘာလို့ “ကြာသပတေး” ဖြစ်ခဲ့တာ
ညီမလေးရဲ့ (၁၁) နာရီကို ကိုယ်ကဘာလို့ချိန်းဆိုတာ
ညီမလေးနဲ့အတူ ဘာလို့ကန်ဘောင်မှာလမ်းလျှောက်ချင်တာ
ညီမလေးရာ …… ဒါလေးတောင်မသိဘူးလားဟာ
တကယ်ပဲ ဒါလေးတောင်မသိဘူးလား ညီမလေးရာ
ညီမလေးရဲ့အတိတ်အတွက် ခဲဖျက်ကလေးဖြစ်ချင်
ညီမလေးရဲ့ရပ်ဝေးမြေခြား ပျံလွှားလေးဖြစ်ချင်
ညီမလေးရဲ့တမ်းတစိတ် အရိပ်လေးဖြစ်ချင်
မတူဘူးလားညီမလေးရယ် ……. တကယ်မတူဘူးလား
ဒါလေးတောင်မသိဘူးလား ညီမလေးရာ
နေ့လည်ဟာ ငရဲဖြစ်နေတာ
ပူမနေဘူးလားညီမလေးရယ် …… ကိုယ်နဲ့အတူ
မပူဘူးလား ……. မတူဘူးလားဟာ
ဘယ်သူနဲ့မှမတူအောင် ချစ် တာ
မတူဘူးလားညီမလေးရယ်
ညီမလေးမသိအောင် ချစ် ရ တာ
မသိဘူးလားညီမလေးရယ်
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ကိုယ့်ကိုယ်ကိုပြန်ကုစားတော့
ကိုယ်ကိုယ်တိုင်ပဲ ခွဲစိတ်ခန်းသုံးဓါးဖြစ်ရတာ …..
ပူပါတယ်ညီမလေးရယ် …. ငရဲပါ ……… ကိုယ်သိပါတယ်
ကိုယ်သိပ်သိတာပေါ့ညီမလေးရယ်
ဒါလေးတောင် ညီမလေးမသိဘူးလားဆိုတာ ……… ။ ။
သူရဿဝါ
မေလ ၂၇ ရက် ၊ ၂၀၁၀ ခုနှစ်
ရင်ကွဲခံပြီး ဖတ်သွားတယ်
ReplyDeleteနင့် ညီမလေးကို ငါတောင် ချိတ်ဝင်စားလာပြီ.....
ReplyDeleteဘယ်သူလဲ... ဘယ်ကလဲ
ညီမ အရင်းလား...
ညီမလေး သိမသိတော့ မသိဘူး နန်းတော့ သိပါတယ် ရွှေဝါရယ် :P
ReplyDelete