Sunday, January 10, 2010

အခန်းအမှတ်သုည ... လူအမှတ်သုည



“အခန်းအမှတ်သုည . . . . လူအမှတ်သုည”

(၁)
အခန်းထဲမှာ မှောင်နေတယ်။ “အလင်း တစ်စက်လောက် ရမလား” ဆိုတဲ့ မျှော်လင့်ချက် မပါဘဲ တံခါးကို ဖွင့်လိုက်တယ်။
ဆန္ဒ၊ အတ္တ၊ ရမ္မက် ဘာမှမရှိတဲ့ မှောင်နေတဲ့အခန်းက ပွင့်လာတာကလွဲလို့ နဂိုအတိုင်း “အမှောင်စူးစူး”။
ခံစားချက်တွေ အမှောင်ချပြီး ပြန်လာခဲ့တဲ့ “ကိုယ်” ဟာ အဲဒီအခန်း မှောင်မှောင်ထဲမှာ အထင်းသား ပေါ်လွင်နေ….။
ကြမ်းပြင်ပေါ်မှာ မဖတ်ရသေးတဲ့ သတင်းစာအဟောင်းတစ်စောင်တွေ့တယ်။
မျက်နှာဖုံးမှာက သိပြီးသားဖြစ်တဲ့ လောလောလတ်လတ် ညနေအကြောင်း။
အင်းလျား ကန်ဘောင် ပေါ်မှာ လူသူလေးပါး တိတ်ဆိတ် ….. တစ်ယောက်နဲ့ တစ်ယောက် မမြင်ဘဲကြည့်နေတဲ့ ပျက်ယွင်း မျက်ဝန်းနှစ်စုံနဲ့ လေဟာနယ် ရေပြင်ပေါ် …… ဟင့်အင်း ….. ဒီထက်ပိုပြီး မသိချင်တော့ဘူး။
ကိုယ့်စိတ်ကိုယ် တိတ်ဆိတ်လိုက်တယ်။
“…………………………”
သီချင်းသံကြားရတယ်။
ဘာတီးလုံးမှပါမလာတဲ့သီချင်းသံ ….
ရူးသွားပြီလားလို့ မှန်ရှေ့ရပ်လိုက် ……. ။
အမှောင်ကနဂိုအတိုင်း။
အမှောင်ကလွဲလို့ ဘာမှမမြင်ရဘူး။

(၂)
နံရံမှာထောင်ထားတဲ့ ဂစ်တာတစ်လက် တွေ့တယ်။
မဆီမဆိုင် ….. ဇာတ်ဝင်ခန်း တစ်ခုကို ဘာလို့ သွားသတိရလဲ မသိဘူး။
ကြိုးခြောက်ကြိုးလုံးက အသံတစ်သံတည်း မြည်ပြီး တုန်ခါနေတယ်။
ဒါပေမယ့် ….. အခန်းကမှောင်နေ …… စိတ်ပျက်လက်ပျက် အဆိပ်သင့်နေတဲ့ဂစ်တာဖြစ်မယ်။
ဖြတ်လျှောက်လာခဲ့တယ် …… အခန်းကမှောင်နေတုန်း ……..
ဂစ်တာကလည်း သူ့ကိုယ်သူတီးခတ်နေတုန်း …….
အသံကလည်းမြည်နေတုန်း ………
ဒါပေမယ့် ဘာသံမှမကြားရ …….။

(၃)
ကော်ဖီတစ်ခွက်က စားပွဲပေါ်တင်လျက်သားရှိတယ်။
ညနေကအတိုင်း ပူလောင်ကျွမ်းရှနေသေးတယ် ……. စိတ္တဇနံ့တွေ တထောင်းထောင်းထလို့။
ဘယ်တုန်းကအငွေ့ပျံသွားလဲမသိဘူး …… ခွက်ထဲမှာ ဘာမှမရှိဘူး။
အမှောင်က ကော်ဖီရည်တွေကို စုပ်ယူသွားနိုင်သလား ………
သက်ပြင်းတစ်ရှိုက်ရှိုက်ပြီး ကော်ဖီခွက်ကိုမော့ချလိုက်တယ်။
အရသာက ကော်ဖီအတိုင်းပဲ ………
ခါးသက်ပြင်းပြ …….။
ကော်ဖီခွက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တော့ အခန်းထဲအနှံ့ ပြန့်ကျဲသွားတယ် ... ဖန်သားအပိုင်းအစတွေ။
ကွဲကြေသံတစ်ခုတစ်လေ မကြားရတာတော့ ထူးဆန်းတယ်။

(၄)
“သူမ” သည် “သူ” အား
အောက်ပါအတိုင်း
အမှားမှားအယွင်းယွင်း
အိပ်မွေ့ချခဲ့ပါ၏
“ကမ္ဘာတွင် ငါမှတပါး
အခြားသူအား သင်မြင်ပါစေ”
အတွေးတွေကို အမှောင်ခန်းထဲ လွှင့်တင်ထားရင်း သုညစိတ်နဲ့ ကဗျာတစ်ပုဒ် ရေရွတ်မိတယ်။
ရူးသွပ်မှု အစာသွတ်ထားတဲ့ ကဗျာမှာ ဘာဝိဥာဉ်မှ ပါမလာဘူး။
“ငါမှတပါး အခြားသူအား ………….”
“ငါမှတပါး ……. အခြားသူအား ……”
ခပ်တိုးတိုး ကျိန်ဆဲလိုက်မိ။

(၅)
“ဟယ်လို ….. ဟယ်လို ….. ဟယ်လို”
ဖုန်းသံမြည်လာတဲ့အချိန်မှာ ဖုန်းပလပ်ကိုဖြုတ်ထားခဲ့ပြီးပြီ။
ဘယ်သူကဖုန်းခေါ်နေတာလဲ ……. ဒါမှမဟုတ် ဘယ်သူ့ကို ဖုန်းခေါ်မိတာလဲ။
ဖုန်းခွက်ကို ကောက်ကိုင်ပြီး နားထောင်လိုက်တော့ အလိုအလျောက် ဖုန်းဖြေစက်က အသံကို စိမ်းစိမ်းခဲခဲ ကြားရတယ်။
“လွန်ခဲ့တဲ့ညနေခဏဆီ ပြန် ရောက် နေ လို့ ……..”
တစ်ခုခု မှားနေပြီဆိုတဲ့ အသိနဲ့ ဖုန်းပလပ်ကို ပြန်တပ်လိုက်မှ ဖုန်းမြည်သံက ပစ္စုပ္ပန်ကိုပြန်ရောက်လာတယ်။
ဘာသံမှမကြားရတော့ဘူး။

(၆)
မှောင်နေတဲ့အခန်းတစ်ခန်းထဲ ……..
သီချင်းသံအချို့ ………..
ဂစ်တာတစ်လက် ……….
အကောင်းအတိုင်း ကွဲကြေနေတဲ့ ကော်ဖီခွက် …..
ရူးသွပ်မှုများနဲ့ကဗျာ …….
အဆက်မပြတ်ဖုန်းမြည်သံ……….
ဟား ……. ကိုယ် “အလင်းတစ်စက်” လောက်ပဲဖြစ်ဖြစ် တောင့်တဆာလောင်လာမိတယ်
ကိုယ့်ကို လာရောက်သယ်ဆောင်မယ့်အလင်း …….. ဘယ်မှာလဲ။
လွန်ခဲ့တဲ့ညနေမဟုတ်တဲ့ တခြားတစ်နေရာဆီသွားမယ်။
မှောင်နေတဲ့အခန်းထဲကနေ ခြောက်ခြောက်ခြားခြားပြေးထွက်လာခဲ့မိ ………..
အခန်းတံခါးက အမှောင်ရင့်ရင့်ထဲ ပွင့်လျက်သား။

(၇)
“အလင်း” တွေကျန်ခဲ့တဲ့ အခန်းရဲ့အပြင်မှာ
တစ်လောကလုံး ……. ကန်း …. မှောင် ….. အ….. တိ …. ကျ …. သွားတယ်။


သူရဿဝါ
ဇန်နဝါရီ ၁၀ ရက် ၊ ၂၀၁၀ ခုနှစ်

3 comments:

  1. အလင်းတွေက မှောင်အတိကျနေတယ်... ဘ၀က လွန်ခဲ့တဲ့ညနေကို သူ့ ရင်ဘတ်ထဲကသူဖေါက်ထုတ်လို့ .... ငါကိုယ်တိုင် ကော်ဖီတခွက်အဖြစ် ခါးသက်စွာ ခံယူလိုက်မိတယ်....

    ReplyDelete
  2. ဘလော့မှာမတင်ခင် ... ပေးဖတ်ထားကတည်းက ကြိုက်တဲ့ ပို့စ်လေးပါ ၀ါဝါ ။

    ReplyDelete
  3. လန်းတယ်ဟ...ရေးထားတာလေး ကြိုက်တယ်..

    ReplyDelete