Monday, August 03, 2009

‘ကဗျာ’ဆိုသည်မှာ ‘ဇာတိ’ဆိုသည်မှာ ‘ကဗျာဆရာ’ဆိုသည်မှာ

(၁)
ကဗျာတစ်ပုဒ်နဲ့ ကိုဇာတိ
တစ်ခုကိုရွေးပါဆိုရင် ခင်ဗျားဘာကိုရွေးမလဲ
ကျွန်တော်ကတော့ ဇာတိကိုပဲရွေးပါမယ်
သူကိုယ်တိုင်ကိုက
ကဗျာတစ်ပုဒ် (ဒီထက်ကံကောင်းရင်)
ကဗျာအပုဒ်ပေါင်းများစွာဖြစ်နေနိုင်လို့ပဲ

(၂)
ဒီကောင်က ဘောလ်ပင်နဲ့စာရွက်သာရှိ
ကမ္ဘာပျက်တာတောင်သိလိုက်မှာမဟုတ်သူ
ဒီကောင့်ကို ဘောလ်ပင်နဲ့စာရွက်သာပေး
အိပ်ရေးပျက်တာတောင် မျက်တောင်တစ်ခတ်စာထင်တဲ့ကောင်
ဒါကြောင့်ပဲ
‘ကဗျာ’ဆိုသည်မှာ ‘ဇာတိ’ဆိုသည်မှာ ‘ကဗျာဆရာ’ဆိုသည်မှာဖြစ်နေတာ

(၃)
သူ့ကဗျာရေးသက်က သူ့အသက်ရဲ့တစ်ဝက်တောင်မရှိ
ဒါပေမယ့်
သူ့ကဗျာတွေဖတ်ကြည့်ရင်
ဒီကောင့်လက်က ရွှေထွက်သလိုထင်ရ
ကဗျာဆရာအဆက်ဆက် သူ့ကလောင်လက်မှာ
အမြုတေလာတည်ထားသလိုထင်ရ

(၄)
ကဗျာတစ်ရွက်နဲ့ နေ၀င်နေထွက်သူ
ကဗျာစာသားနဲ့ နာဖျားရကောင်းမှန်းမသိသူ
သူ …. သူ … ဇာတိ …. ဇာတိ …. ဇာတိ
ကျွန်တော့်လိုပဲ သူလည်းသူ့နာမည်ရင်းကို မေ့နေလောက်ပြီ

(၅)
ဒီနေ့ခေတ်ရဲ့ ‘အသည်းကွဲစပယ်ရှယ်လစ်’ ကဗျာဆရာ
ဒီနေ့ခေတ်ရဲ့ ‘အလွမ်းသီးသန့်ကဗျာဆရာ’
သူအသည်းကွဲတာနဲ့ ….. သူကဗျာရေးတာနဲ့
ကျွန်တော်တို့ အဲဒီကဗျာကိုဖတ်ရပြီဆိုတာနဲ့
ကိုယ်တိုင်နာကျင်ခံစားရသလို ငိုချင်စိတ်ကလေး
အရာရာ မှိုင်း အုံ့ တိုး ဖျော့သွားသလို လွမ်းစိတ်ကလေး
တဖြည်းဖြည်းနဲ့လှိုင်းထန်လေထန် …..
မိုးကြိုးမုန်တိုင်း …… ပွင့်ဖတ်ဝတ်မှုန်မျက်ရည်စများ
ငြိမ်သက်တိတ်ဆိတ် ရထားသံလမ်းကလေး
အင်း …………………………..
ကဗျာဆုံးသွားတာနဲ့
မပျောက်ဆုံးနိုင်တဲ့ ဝေဒနာတွေပဲကျန်ခဲ့တာလေ

(၆)
ကဗျာဆရာတစ်ဦးကပြောဖူးတယ်
‘ဒီနေ့ခေတ်ရဲ့ကဗျာဆရာဆိုတာ
လူထုရင်ခုန်သံကို ကိုယ်စားပြုတယ်’ တဲ့
ဇာတိက ကျွန်တော်တို့ရင်ခုန်သံကို ပြုစားထား
ကျွန်တော်တို့ရင်ခုန်သံတွေကို ဆွဲကိုင်လှုပ်ယမ်း
စကားလုံးတွေကို ဂစ်တာကြိုးတွေလို
တဖွဖွထိခတ်ဆော့ကစားလို့
အသည်းကွဲရင်း ….. ကဗျာတွေရေးရင်း
ပျော်နေတာ သူတစ်ယောက်ပဲမြင်ဖူးတယ်

(၇)
သူငယ်ချင်းရေ ……… ဇာတိရေ ………
ငါသာဆိုရင်တော့ ကဗျာတစ်ပုဒ်အစား
မင်းကိုပဲ ရွေးချယ်ပစ်လိုက်မှာ
ပဒေသရာဇ်ခေတ် ငွေဝယ်ကျွန်စနစ်မှာတောင်
အနုပညာဟာ …… အနုပညာသမားဟာ
ငွေဒင်္ဂါးတွေထက် အရောင်ဖိတ်ဖိတ်လက်
တချွင်ချွင်သံထက် ကောင်းသောအသံတွေထွက်ခဲ့ကြတယ်မဟုတ်လား
မွေးဖွားခြင်းကနေ သေဆုံးခြင်းဆီသွားတဲ့လမ်းက
ငါတို့အတွက်တော့ စမ်းတ၀ါးဝါးမဖြစ်ဘူး
ကဗျာမီးအိမ်တောင်ဝှေးက နေလိုလလို စူးစူးလင်းလင်း

(၈)
သူ (ဇာတိ) ကတော့
‘ကိတ်မုန့်ကလေးထံတွင်
မွေးနေ့ပွဲတခုတလေမရှိပါ’ လို့ပြောခဲ့
အခုကစပြီး ကိတ်မုန့်ကလေးအတွက် မွေးနေ့ပွဲပါ
ကဗျာဆရာတစ်ဦးရဲ့ မွေးနေ့ပွဲပါ
အများပိုင် /ပြည်သူပိုင် အရာဝတ္ထုတစ်ခု /တစ်ယောက်ရဲ့
ရိုးစင်းသောမွေးနေ့ပွဲပါ
ဇာတိကစလို့ ကဗျာဆရာအပေါင်း
အသက်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းရင်း
ကျွန်တော်တို့အားလုံးရဲ့ ခွက်တွေ /လက်တွေ ဆန့်တန်းလိုက်ကြရအောင်

3 comments:

  1. ပျော်ရွှင်ပါစေ...တိတိရေ

    ReplyDelete
  2. တဂ်ပို့စ်ရေးပြီးပါကြောင်း နောက်ကျတဲ့အတွက်ခွင့်လွှတ်ပါရန်

    ခင်မင်စွာဖြင့်
    နှင်းဆီနက်

    ReplyDelete
  3. စဉ်းစားစရာတွေပေးတဲ့ ကဗျာတစ်ပုဒ်ပဲ

    ReplyDelete